ချင်းညီနောင်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ၁၀ ရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေ

0
75
ပုံစာ - ရှေ့တန်းတွင်တွေ့ရသည့် ချင်းညီနောင်တပ်များ။

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီနှင့် ချင်းညီနောင်တပ်တို့အကြား တိုက်ပွဲများသည် ၁၀ ရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေသည်ဟု ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“လက်ရှိအချိန်မှာ မင်းတပ်နဲ့ဖလမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ နေ့နေ့ညညပါပဲ။ တိုက်ပွဲစလိုက်တဲ့ နိုဝင်ဘာလ ၉ ရက်ကစပြီးမှ တောက်လျှောက်ကိုပဲ၊ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်မနားတမ်း ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေတယ်။ လက်နက်ကြီးတွေ ပစ်နေတယ်။ နောက်ပြီး အိမ်မီးရှို့တာတွေ တောက်လျှောက်ဖြစ်နေတယ်” ဟု ကိုယောမာန်က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ပေါ်တို့က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာလ ၁၉ ရက်အထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ကိုယောမာန်က ယနေ့တွင်ပြုလုပ်သော “ ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေပွဲ” တွင် ပြောဆိုသည်။

ချင်းညီနောင်အနေဖြင့် လက်ရှိအချိန်က နိုင်ငံရေးသည် စစ်ရေးဖြစ်ကြောင်း၊ တော်လှန်ရေးသည် စစ်ရေး ဖြစ်ကြောင်း၊ စစ်ကို စစ်နှင့်တူအောင် တိုက်ရမည်ဖြစ်၍ သေချာပြင်ဆင်ထားသည်ဟု ကိုယောမာန်ကပြောသည်။

ကိုယောမာန်က “ အခုချိန်မှာကိုပဲ အောင်ပွဲတွေ တော်တော်များများရတာ ရှိပါတယ်။ ဒါပေမယ့်လည်း အောင်ပွဲတွေဆိုတာလည်း လုံခြုံစိတ်ချရတဲ့အချိန်မှ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ ဖလမ်းမှာလည်း ဖလမ်းအလျောက်၊ မင်းတပ်မှာလည်း မင်းတပ်အလျောက် အောင်ပွဲတွေရနေတာ ရှိပါတယ်။ ဒါကိုလည်း ချင်းညီနောင်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့အတူ တဆင့်ချင်း ထုတ်ပြန်သွားပါမယ်” ဟု ပြောသည်။

ယခင်က မင်းတပ်တွင် ခလရ – ၂၇၄ တပ်ရင်းသာ ရှိသော်လည်း လက်ရှိတွင် စစ်ကောင်စီမှ ဗိုလ်မှူးကြီးတစ်ဦးက မင်းတပ်မြို့ပေါ်တွင် ရုံးထိုင်ပြီး ကန်ပက်လက်မြို့၊ ဆောမြို့၊ ထီးလင်းမြို့နှင့် ကျောက်ထုမြို့ကတပ်များကို စီမံကွပ်ကဲနေကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်အင်အားသည် ခန့်မှန်းအားဖြင့် ကန်ပက်လက်၊ ဆော၊ ထီးလင်း၊ ကျောက်ထု မြို့တို့၏ အားလုံးပေါင်း တပ်အင်အားခန့်ရှိနိုင်ပြီး မင်းတပ်မြို့ပေါ်တွင် နေရာယူထားကြောင်း ကိုယောမာန်က ပြောသည်။

လက်ရှိစစ်ဆင်ရေးတွင် ကြိုတင်ပြင်ဆင်မှု ကောင်းမွန်သောကြောင့် မကွေးတိုင်းဘက်မှ စစ်ကောင်စီတပ်များ အနေဖြင့် မြေပြင်စစ်ကူမပို့နိုင်အောင်လည်း ဆောင်ရွက်ထားကြောင်း ၎င်း၏ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်က နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနေပြီး လေကြောင်းဖြင့် အတွဲလိုက် ဗုံးကြဲချတိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။

မင်းတပ်မြို့စစ်ဆင်ရေး စတင်နိုင်ရန် မြို့ကိုချဉ်းကပ်မှုကိုပင် လေးလထက်မနည်း အချိန်ယူပြင်ဆင်ခဲ့ပြီး ကင်းထောက်ခြင်း၊ မိုင်းဖော်ခြင်း၊ စုံစမ်းခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ရသည်ဟု ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့က စစ်ကောင်စီစခန်းများ ပြိုကျပြီးလျှင် မင်းတပ်နှင့်ဆက်စပ်လျက်ရှိသော ကန်ပက်လက်၊ ဆော၊ ကျောက်ထု၊ ထီးလင်းတို့သည် စစ်ကောင်စီအင်အား အနည်းငယ်သာရှိ၍ အလွယ်တကူ ပြိုကျနိုင်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်သွားပါက ချင်းနှင့် ဆက်စပ်ဒေသများဖြစ်သည့် အညာတကြောကိုလည်း ချင်းအင်အားစုများ စစ်ကူပေးနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းအင်အားစုတချို့က ပြောဆိုသည်။

လက်ရှိ၌ ချင်းညီနောင်စစ်ဆင်ရေးတွင် အာရက္ခတပ်တော် AA အပါအဝင် အညာညီနောင်နှစ်ဖော်ဖြစ်သည့် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ချင်းညီနောင်စစ်ဆင်ရေးတွင် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်ပြောဆိုထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here