သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ်ရပ်ကွက် (၄) ရေထွက်ဦး ပန်းခြံဈေးအနီးရှိ လူနေအိမ်ပေါ်သို့ လေကြောင်းနှင့် ပေါင် (၅၀၀) ဗုံးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ဗုံးကြဲချခဲ့ရာတွင် နှစ်လသားအရွယ် ကလေးတစ်ဦးနှင့် မိခင်တစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကွတ်ခိုင်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မနေ့ည ၁၂ နာရီလောက် စစ်တပ်က ဗုံးလာကြဲသွားတယ်။ လူနေများပြီး အဆောက်အအုံကြီးတဲ့နေရာကို ဦးတည်ပြီး ပစ်ကြတယ်။ သေဆုံတဲ့သူထဲမှာက ၂ လသားအရွယ် ကလေးနဲ့ မိခင်ဖြစ်သူ ၂ ယောက်လုံး ဆုံးသွားတယ်။ အသက်ကြီးတဲ့သူ ၁ ယောက်လည်း ဆုံးသွားတယ်။ ထိခိုက်တဲ့သူ တော်တော်များတယ်။ အဲထဲမှာမှ ဒဏ်ရာအပြင်းအထန်ရတဲ့သူလည်း ပါတယ်” ဟု ၎င်းက ပြောသည်။
လားရှိုးမြို့နယ်မှ ကွတ်ခိုင်မြို့သို့ စစ်ရှောင်လာသည့် ဒေသခံတချို့သည် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့သို့ ပြန်လည်တိမ်းရှောင်နေရသည်ဟု လားရှိုးမြို့စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“လားရှိုးမှာ ဗုံးခဏခဏကြဲလို့ ကွတ်ခိုင်ကို လာရှောင်တာ စစ်တပ်က ထပ်မံဗုံးကြဲပြန်တယ်။ ကြောက်လို့ လားရှိုးကို ပြန်တိမ်းရှောင်နေရတယ်။ ရှောင်စရာနေရာလည်း မရှိတော့ပါဘူး။ တစ်ရက်ထပ်တစ်ရက် ပိုပို ခက်ခဲလာတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ နံနက်အစော ၃ နာရီခွဲကျော်တွင် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက် (၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်မြောက်ရှိလာကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။