သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာမှ အမျိုးသမီးနှစ်ဦးသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြောင်းဖူးချိုးရန် တောင်ယာသို့သွားရောက်စဉ် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာနေ အသက် (၂၃) နှစ်အရွယ် နန်းမိုခမ်းသည် နိုဝင်ဘာ ၁၇ ရက် နံနက် ၇ နာရီကျော်တွင် ပြောင်းဖူးချိုးရန် တောင်ယာသို့ တစ်ယောက်တည်းသွားရောက်ပြီးနောက် တစ်နာရီခန့်အကြာတွင် အသက် (၄၅) နှစ်အရွယ် မိခင်ဖြစ်သူက တောင်ယာသို့လိုက်သွားခဲ့သည်ဟု ဆိုသည်။
ယင်းနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် နန်းမိုခမ်း၏ ဖခင်ဖြစ်သူက တောင်ယာသို့လိုက်လာရာ လမ်းတွင် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအမိနှစ်ယောက်ကို တွေ့ရှိပြီး ကျေးရွာလူကြီးများထံသို့ အကြောင်းကြားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “သူ့သမီးက မနက် (၇) နာရီလောက် ခြံကိုတစ်ယောက်ထဲ ပြောင်းဖူးသွားချိုးတာ။ အမေက ဟင်းချက်ပြီးနောက်မှ ခြံလိုက်သွားတာ။ ၁၀ နာရီလောက် သူတို့အဖေ ခြံသွားတော့ သားအမိနှစ်ယောက်လုံး ဓားခုတ်ဒဏ်ရာနဲ့ ဆုံးနေတာတွေ့တာနဲ့ ချက်ချင်းရွာလူကြီးဆီ အကြောင်းကြားတာ။ လူသတ်သမားကို မဖမ်းမိသေးဘူး” ဟု ပြောသည်။
ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာအနီး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသူ အမျိုးသမီးနှစ်ဦးကို လူမှုကူညီရေးအသင်း အကူအညီဖြင့် နောင်ပိန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ မှုခင်းဆေးစစ်မှု လုပ်ဆောင်နေပြီး လူသတ်တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် လူသတ်တရားခံအား ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နေခြင်းကြောင့် ကျန်ရှိခဲ့သည့် မိသားစုဝင်များကို ထပ်မံလာရောက်အန္တရာယ်ပြုမည်ကို စိုးရိမ်နေရကြောင်း အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်တွင် လတ်တလောတွင် တိုက်ပွဲများငြိမ်သက်နေပြီး သျှမ်းတပ် SSPP/SSA လည်း မြို့နယ်အတွင်း နေရာယူသွားလာလှုပ်ရှားလျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။