21 မတ် 2025 /

See today's Peace Related News

သတင်းအင်းလေးတွင် တပို့တွဲလပြည့်နေ့က စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး

အင်းလေးတွင် တပို့တွဲလပြည့်နေ့က စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသနှင့် ပင်လောင်းမြို့နယ်အတွင်းရှိ အရပ်သားများနေထိုင်ရာသို့ ဖေဖော်ဝါရီ ၁၂ ရက် တပို့တွဲလပြည့်နေ့က စစ်ကောင်စီက လက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အင်းလေးတောင်ပိုင်း၊ စံကားအင်း အနောက်ဘက်ခြမ်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က တောင်ပို့ကွဲကျေးရွာထဲသို့ ဖေဖော်ဝါရီ ၁၂ ရက် တပို့တွဲလပြည့်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။

ဒေသတွင်းကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးက “အဖေနဲ့သားက လပြည့်နေ့ဆိုတော့ ဘုရားသွား၊ ကျောင်းတက်ရင်း သူတို့အမျိုးအိမ် သွားလည်ကြတာ။ အဲ့ဒီမှာ ထိတာ။ သားတစ်ယောက်နဲ့ အိမ်ရှင်က ပွဲချင်းပြီးတယ်။ လက်ထိတဲ့ တစ်ယောက်က ဖြတ်ရမယ်” ဟု ပြောသည်။

အခင်းဖြစ်သည့်နေရာ၌ အသက် ၄၀ အရွယ် စိုင်းလုံနှင့် ၁၀ နှစ်အရွယ် စိုင်းလျန်ဆိုင်တို့ ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြပြီး အသက် ၄၀ အရွယ် ဒေါ်နန်းဖန်နှင့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးကျားတို့မှာ ခြေထောက်နှင့် လက်နေရာများတွင် ပြင်းထန်ဒဏ်ရာများ ရခဲ့သည်ဟု ဆိုသည်။

အလားတူ ထိုနေ့တချိန်တည်းမှာပင် ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

နန်းတုတ်ကျေးရွာမှ တိန်းရှောင်လာသူတစ်ဦးက “ဘီလူးချောင်း အနောက်ဘက်ကမ်း လွယ်ဖွီးကနေပစ်နေတာ။ အဲ့မှာ ဗမာစစ်သားရော PNO ရောပဲ။ ရွာမှာတော့ လူကုန်ပြီ။ လူထိတာမရှိပေမယ့် လက်နက်ကြီးကျတော့ လန့်ပြီး မပြန်ရဲကြသေးဘူး” ဟု ပြောသည်။

အင်းလေးဒေသတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်သေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာများရခဲ့ကြသည်။

စစ်ကောင်စီက ပင်လောင်း – လွိုင်ကော်၊ ညောင်ရွှေ – ဖယ်ခုံ – လွိုင်ကော် လမ်းမကြီးများမှတဆင့် ကရင်နီပြည်အား အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်လျက်ရှိပြီး ကာကွယ်ရေးတပ်များ ခိုလှုံခွင့်မရနိုင်ရန်အတွက် ထိုမြို့နယ်များရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက သုံးသပ်နေကြသည်။

NMG ပေးပို့သည်။