လောင်းလုံး ကျောက်နီမော်တိုက်ပွဲအတွင်း နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး

0
66
Photo - CJ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေးရက်ဆက်တိုက်ပွဲအတွင်း ဒေသခံအရပ်သားပြည်သူ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံကနေ သိရသည်။

ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသော စခန်းသုံးခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်အစောပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

ကျောက်နီမော်တိုက်ပွဲသည် ဒီဇင်ဘာ ၂၃ ရက်နေ့ ကနေ ၂၆ ရက်နေ့ အထိ နှစ်ဖက်တပ်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က ကြည်ကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့နဲ့ အပြင်းအထန် ခုခံနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က K-8W တိုက်လေယာဉ်နှင့် ကျောက်နီမော်ကျေးရွာကို နှစ်ကြိမ်ထက်မနည်း လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ကူပေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ဒေသခံအမျိုးသားတစ်ဦး၏ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်နီမော်ကျေးရွာက နေအိမ်၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဘာကြောင့် မီးလောင်ပျက်စီးခဲ့တာကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆိုသည်။

ယင်းအပြင် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေတပ်စစ်သင်္ဘောကနေ ကျောက်နီမော်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေပြီး ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပစ်ခတ်သံများ မကြားရတော့ဟု သိရသည်။

နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်နှင့် ကျောက်မတ်တပ် စသည့် ကျေးရွာများက ဒေသခံများသည် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ် ၃၉ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi က ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here