လေကြောင်းနှင့် လက်နက်ကြီးရန်ကြောင့် ဘီးလင်းရှိ ကျေးရွာ ၅ ရွာထက်မနည်း စစ်ဘေးရှောင်နေရ

0
26
ပုံစာ - စစ်ရှောင်ပြည်သူတချို့ (Photo - Social Media/ ပုံဟောင်းဖြစ်သည်)

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် မဲပလီ၊ ညောင်ထောက်၊ နတ်ကြီး၊ ဇီးကုန်း အစရှိသည့် ကျေးရွာ (၅) ရွာထက်မနည်းရှိ ဒေသခံဦးရေထောင်ချီသည် စစ်ဘေးရှောင်နေရကြောင်း ဘီးလင်းဒေသခံတို့က ပြောသည်။

ယခုဇန်နဝါရီလပထမပတ်က ဘီးလင်းမြို့၊ မဲပလီအခြေစိုက် စစ်ကောင်စီတပ်စခန်းဝန်းကျင်တွင် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ယင်းစခန်းအနီး လူထုနေထိုင်ရာကျေးရွာများသို့ လေကြောင်းအပါအဝင် လက်နက်ကြီးများနှင့်ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ပြေးလွှားနေကြရကြောင်း သိရသည်။

“ညောင်ထောက်၊ နတ်ကြီး၊ မဲပလီ အဲဒီဝန်းကျင်ကတချို့တွေ ကျနော်တို့ဘက် လာရှောင်တာရှိတယ်။ ကျနော်တို့လည်း ကိုယ်နိုင်သလောက် ကူညီပေးပါတယ်။ စစ်တပ်ကတော့ မဲပလီ ပတ်ဝန်းကျင်မှာ Y12 တို့ ဒရုန်းတို့နဲ့ လာပစ်သွားတယ်။ ဒီရက်ပိုင်းလည်း ကျိုက်ထိုကနေ အလူးကြီးဘက်ကို ၁၂၀ မမတွေ လှမ်းပစ်တယ်။ အဲဒါက ရွာတွေနားထိကျတာ” ဘီးလင်းမြို့၊ အလူးကျေးနယ်နေ ဒေသခံအမျိုးသားက ပြောသည်။

တိုက်ပွဲပုံစံ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်တပ်စခန်းက ပစ်ခတ်တိုက်ခိုက်မှုများ ဇန်နဝါရီ ၈ ရက် နေ့အထိ ဆက်ရှိနေတာကြောင့် ပြေးရှောင်ရသည့်ဒေသခံများမှာ မိမိတို့နီးစပ်ရာ ဘီးလင်းမြို့နယ်အတွင်းသာမက ကျိုက်ထိုမြို့နယ်အထိပါ ရှောင်ပုန်းနေကြရကြောင်း KNU တပ်မဟာ (၁) ၏ တာဝန်ရှိသူတချို့နှင့် စစ်ရှောင်ကူညီနေသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံများသည် နေအိမ်ပြန်ရန် စိတ်ချရသည့်အနေအထား မရှိသေးသော ကြောင့် စစ်ရှောင်နေထိုင်ရာ ကျေးရွာဌာနေလူထုများက လတ်တလောထိ နေထိုင်စားသောက်ရေးတွင် ကူညီထားရသည်ဟု ဆိုသည်။

စစ်ရှောင်ကူညီသူ ဒေသခံအမျိုးသားတစ်ဦးက “ရွာတွေအားလုံးပေါင်းလိုက်ရင်တော့ ထောင်ကျော်တယ်။ ကျနော်တို့ရွာမှာတင် နတ်ကြီးရွာတစ်ရွာတည်းက လူဦးရေရာချီနေပြီ။ ထောက်ပံ့တာကလည်း လောလောဆယ် ကျနော်တို့မိတ်နဲ့ ကျနော်တို့ပေါ့။ ဟိုက ဆန်သုံးအိတ်၊ ဒီက ဆန်နှစ်အိတ် လိုက်အလှူလိုက်ခံထားတာလေးတွေနဲ့ ကူညီထားတယ်” ဟု ပြောသည်။

မဲပလီရွာအခြေစိုက် စစ်ကောင်စီစခန်းက တပ်ဖွဲ့ဝင်များက အနီးနားရှိတပ်စခန်းများ၊ ကျေးရွာများသို့ စစ်ကြောင်း လှည့်လည်သွားလာစဥ်တွင် ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မရှိ ကြိမ်းမောင်းရိုက်နှက်ခြင်း၊ စခန်းတွင်းမှ နေ၍လည်း လက်နက်ကြီးပစ်ခတ်မှုတို့ကို လုပ်ဆောင်ခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန် ပြောဆိုမှုများအရ သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်က လတ်တလောပစ်ခတ်မှုများကြောင့် ဇန်နဝါရီ ၃ ရက်နေ့က နတ်ကြီးကျေးရွာနေ ဒေသခံအမျိုးသား ၁ ဦးနှင့် အမျိုုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း KNU တပ်မဟာ (၁) က ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here