လက်နက်ကိုင်မျိုးစုံ လှုပ်ရှားသွားလာနေသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၊ ရာဘာခြံတစ်ခုအတွင်း၌ မိသားစုဝင် ၃ ဦးကို အမည်မသိလူတစ်စုက သတ်ဖြတ်ခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်၊ ညနေပိုင်းအချိန်တွင် ဘုရားသုံးဆူမြို့၊ မက္ကသာကျေးရွာသွားသည့်လမ်းပိုင်းရှိ ရာဘာခြံတစ်ခုအတွင်း အဖိုး၊ သမီးနှင့် မြေးဖြစ်သူတို့ ဓားထိုးသွင်ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း မြို့ခံတို့က ပြောဆိုသည်။
မြို့ခံတစ်ဦးက “သေဆုံးသွားတဲ့လူက ရခိုင်လူမျိုးဖြစ်လို့ လူတွေက ဦးရခိုင်လို့ ခေါ်ကြတယ်။ ဘုရားသုံးဆူ အမှတ် (၂) ရက်ကွက်မှာ အနှစ် ၂၀ ကျော် နေထိုင်လာခဲ့ကြတယ်လေ။ ဟိုတုန်းကတော့ EPC က လျှပ်စစ်ဝန်ထမ်းဟောင်း တစ်ယောက်ဖြစ်တယ်လေ။ ဒါပေမယ့် သူက သာမန်အရပ်သားပြည်သူတစ်ယောက်ပါပဲ” ဟု ပြောသည်။
သေဆုံးသူများသည် ဘုရားသုံးဆူမြို့ အမှတ် (၂) ရက်ကွက်နေ လျှပ်စစ်ဝန်ထမ်း (အငြိမ်းစား) ရခိုင်လူမျိုးဖြစ်သည့် ဦးရခိုင်၊ အသက် ၃၀ အရွယ်သမီးဖြစ်သူ ကျောင်းဆရာမဒေါ်သိမ့်သိမ့်သူနှင့် ၈ နှစ်အရွယ်ခန့်ရှိ သားဖြစ်သူ ကျောင်းသားတစ်ဦးတို့ ဖြစ်ကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရသည်။
ထိုမိသားစုဝင် ၃ ဦးကို အမည်မသိလူတစ်စုမှ ဟွန်ဒါကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ပြီးနောက် ဓါးဒဏ်ရာ များဖြင့် မက္ကသာကျေးရွာသွားသည့် လမ်းဘေးတစ်နေရာ၌ အလောင်းများ လွှင့်ပစ်ထားသည်ကို နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် လမ်းသွားလမ်းလာများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်နက်ကိုင်မျိုးစုံ လှုပ်ရှားသွားလာနေသည့် ဘုရားသုံးဆူမြို့တွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့နေကာ ရာဇဝတ်မှု၊ ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသော်လည်း လက်သည်တရားခံများကို ဖော်ဆောင်အရေးယူနိုင်ခြင်း မရှိကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။
“ဒီဘုရားသုံးဆူမှာ လက်နက်ကိုင်တွေများလာပြီးနောက်ပိုင်း ဖြစ်စဉ်မျိုးစုံ ဖြစ်ပွားလာနေတယ်။ ရာဇဝတ်မှုတွေ၊ ခိုးမှု၊ သတ်ဖြတ်မှု ဒါတွေကပိုများလာတယ်။ ဒါပေမဲ့ လုပ်နေတဲ့အဖွဲ့တွေကို ဘယ်သောအခါမှ ဖမ်းဆီးရမိလေ့မရှိဘူး။ ပြီးတော့ ဒီဘုရားသုံးဆူမြို့ပေါ်မှာလည်း လက်နက်တွေနဲ့ သွားလာနေကြတာ မပြောနဲ့တော့။ ဒီကိစ္စလည်း ဒီလိုပဲ ဘယ်သူဘယ်ဝါဖမ်းဆီးသွားလဲမသိဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။
လက်ရှိ၌ ဘုရားသုံးဆူမြို့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ – PC၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ် စသည့် လက်နက်ကိုင်အဖွဲ့မျိုးစုံ သွားလာလှုပ်ရှားနေကြသည်။
ထိုကြောင့် ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားသည့် DKBA က လက်နက်ကိုင်အဖွဲ့မျိုးစုံလှုပ်ရှားရာ ဘုရားသုံးဆူမြို့ အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရန် စသည့် အချက် ၁၂ ချက်ကို ခွင့်မပြုကြောင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် အမိန့်စာတစ်စောင်ကိုလည်း သီးသန့်ထုတ်ပြန်ထားသည်။
IMNA ပေးပို့သည်။