မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာအနီးတွင် ဇန်နဝါရီ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ဖက်ပစ်ခတ် ဖြစ်ပွားနေပြီး ကျုံလောင်းနှင့် အနီးတဝိုက်ကျေးရွာတို့မှ ထွက်ပြေးလာသူများကို သွားလာခွင့်ပိတ်ထားကြောင်း သိရသည်။
ဇန်နဝါရီ ၉ ရက်နေ့က အင်အားအများအပြားဖြင့် ကျုံလောင်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီအဖွဲ့နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ဇန်နဝါရီ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုကြောင့် ကျုံလောင်း၊ ကျောက်မိချောင်းနှင့် အနီးတဝိုက်ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေပြီး ကျုံလောင်းမှ ရေးချောင်းဖျား အတက်အဆင်းလမ်းကို ဇန်နဝါရီ ၈ ရက်နေ့မှစပြီး သွားလာခွင့် ပိတ်ထားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံတို့သည် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ကျေးရွာအတွင်းသာ ဝင်ရောက်တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိ နှစ်ဖက်ပစ်ခတ်မှုတွင် ရေးအခြေစိုက် စကခ (၁၉) မှ လက်နက်ကြီးဖြင့် လှမ်းကူပစ်ခတ်လျှက်ရှိရာ နေအိမ်မီးလောင် ပျက်စီးမှု ရှိနေကြောင်း မွန်ပြည်သစ်ထိန်းချုပ်နယ်မြေမှ ဒေသခံတစ်ဦးက ပြောသည်။
“မနက်ကတည်းက စကစအဖွဲ့တွေက အင်အားဖြည့်တင်းနေတာ၊ ကျုံလောင်းရွာဘက်ကတော့ ဘယ်သူမှမရှိတော့ပါဘူး။ လောလောဆယ် နေအိမ်မီးလောင်တာတွေ ရှိတယ်လို့ ကြားတယ်။ အခြားထိခိုက်သေဆုံးမှုတော့ ကျနော်တို့လည်း မသိရသေးဘူးပေါ့” ဟု အဆိုပါဒေသခံက ပြောဆိုသည်။
ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ နှစ်ဖက်စလုံးမှ စစ်အင်အားဖြည့်တင်းနေသည့်အပေါ် နှစ်ဖက်တိုက်ပွဲပြင်းထန်နိုင်မည်ကို ဒေသခံအများစု တွက်ချက်ထားကြောင်း ၎င်းတို့က ပြောသည်။
ထို့အပြင် ကျုံလောင်းမှ ရေးချောင်းဖျား အတက်အဆင်းလမ်း ပိတ်ဆို့ထားခြင်းကြောင့် ရစ်ချောင်းကမ်းနီမှတဆင့် ကျောင်းရွာ ရေးလမ်းပိုင်းသို့ ဝင်ရောက်သွားလာသူတို့ရှိနေပြီး စစ်ကောင်စီအဖွဲ့တို့၏ စစ်ဆေးတင်းကြပ်မှု ခံနေရကြောင်း ရေးဒေသခံတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
“ရစ်ချောင်းကမ်းနီကနေ ကျောင်းရွာ ရေးလမ်းဘက် သွားလာနေကြတဲ့သူတွေကို စစ်ဆေးကြမ်းနေ၊ ၅၉၁ စစ်တပ်ဂိတ်က စစ်ဆေးနေ” ဟု ရေးသားထားသည်ကို တွေ့ရသည်။
တိမ်းရှောင်ထွက်ပြေးသူတို့တွင် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်အများစု ပါဝင်နေပြီး အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းကြောင့် ရက်ရှည်ကြာ စစ်ဘေးရှောင်ရန် အခက်ခဲရှိနိုင်ကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက် ရှိသည်။
စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ဇန်နဝါရီ ၈ ရက် မနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရေးအခြေစိုက် စကခ (၁၉) ဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု လုပ်ဆောင်နေသည့်အပြင် တော်လှန်ရေးအဖွဲ့ဘက်ကလည်း ဒရုန်းဖြင့် ပြန်လည်ပစ်ခတ်လုပ်ဆောင်နေခြင်းကြောင့် ယမန်နေ့မှစ၍ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှု အဆက်မပြတ်ရှိခဲ့ကြောင်း ဒေသခံတို့မှ သိရသည်။
စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တို့ ကျေးရွာအတွင်း သွားလာလှုပ်ရှားနေသည်ဟု သတင်းရရှိခြင်းကြောင့် စစ်ကြောင်းထိုးပစ်ခတ်မှု လုပ်ဆောင်လာသည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျုံလောင်းရွာဟောင်းရှိ အခြေခံပညာအလယ်တန်းကျောင်းဝင်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။
IMNA ပေးပို့သည်။