မောင်တောဒေသတွင် AA လုံခြုံရေးတိုးမြှင့်ထား

0
45
ပုံစာ - ကြိမ်ချောင်း၊ တောင်ပြိုလက်ဝဲလမ်းဆုံကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွေ့ရစဉ်။ (Photo - Ko Aung Than)

ရခိုင်ပြည်၊ မောင်တောဒေသခံပြည်သူများ ခရီးသွားလာမှု လုံခြုံရေးအတွက် အာရက္ခတပ်တော် (AA) က ကင်းစခန်းများဆောက်လုပ်ခြင်း၊ လမ်းခရီးတလျှောက် ဂိတ်များချထားခြင်း၊ ဒေသခံများကို သွားလာရေးသတိထားရန် စသည့် လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောင်တောဒေသတွင် စိမ့်ဝင်လှုပ်ရှားနေသည့် စစ်ကောင်စီ၏ မဟာမိတ်မွတ်ဆလင် လက်နက်ကိုင်အုပ်စုများဖြစ်သော ARSA၊ RSO နှင့် ARA အဖွဲ့များ၏ အန္တရာယ်ကို ကာကွယ်ရန် လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

မောင်တောဒေသခံအမျိုးသမီးတစ်ဦးက “လုံခြုံရေးအတွက် တပ်တော် (AA) က နယ်စပ်ကိုသွားတဲ့ ကားလမ်းတလျှောက် ဂိတ်တွေ စစ်ဆေးတာတွေ ပိုပြီးလုပ်ဆောင်တာ တွေ့ရတယ်။ ဟိုတလောကလည်း တောင်ပြိုလမ်းမှာ ARSA တွေ ခိုအောင်းနိုင်တဲ့ ခြုံတွေ၊ တောတွေကို ရှင်းလင်းထားတာရှိတယ်” ဟု ပြောသည်။

မောင်တောဒေသတွင် ARSA၊ ARA၊ RSO အဖွဲ့များသည် တောင်ပြိုလက်ဝဲ – ကြိမ်ချောင်း လမ်းပိုင်းတလျှောက်တွင် ခရီးသွားဒေသခံများနှင့် ကုန်သည်များကို ခြုံခိုတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတို့က ပြောသည်။

အာရက္ခတပ်တော်သည် ARSA ၊ ARA ၊ RSO အဖွဲ့များကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး ပြည်သူများကို သတိနှင့်သွားလာရန်အတွက် ကျေးရွာတချို့တွင် ကင်းစခန်းများပါလုပ်ထားပေးပြီး လုံခြုံရေးပေးနေကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် လုံခြုံရေးသတိပေးတာတွေရယ် ကင်းစခန်းတွေဆောက်ပြီး အလှည့်ကျ ကင်းစောင့်ရတာတွေ ရှိတယ်” ဟု မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က ကြိမ်ချောင်းမှ တောင်ပြိုလက်ဝဲမြို့သို့ ဈေးသွားဝယ်သော အရပ်သားခရီးသည် ကားတစ်စီးအား ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းကြောင့် ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အဖွဲ့များအား အာရက္ခလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေလျက်ရှိကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ULA/AA က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ် ထိန်းချုပ်ထားပြီးဖြစ်သော်လည်း ပြည်သူများမှာ မွတ်ဆလင်လက်နက်ကိုင်အုပ်စုများ၏ အန္တရာယ်ကို စိုးရိမ်နေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here