သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံတို့ထံမှ စုံစမ်းသိရသည်။
မူဆယ်မြို့နှင့် ၃ မိုင်ခန့်သာကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA က အောက်တိုဘာလ ၁၅ ရက်နေ့ ည ၅ နာရီခွဲခန့်မှစတင်၍ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။
မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက “၁၀၅ မိုင်သွားတဲ့ဘက် နမ့်ခုမ်နားမှာ မဟာမိတ်တပ်က မြို့နားကပ်လာလို့ စကစဘက်က လက်နက်ကြီး အရင်စပစ်တယ်လို့ပြောတယ်။ အဲ့ဘက်မှာတော့ စစ်တပ်နဲ့ ကိုးကန့်တပ်ပဲရှိတာ၊ နမ့်ခုမ်နားမှာ ဟန့်ထားတဲ့သဘောပေါ့။ ကိုးကန့်တပ်ကပစ်လို့ နမ့်ခုမ်ရွာထဲကအိမ် မီးလောင်တယ်၊ လူထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA သည် ၎င်းထိန်းချုပ်ရာ အထူးဒေသ (၁) သို့ ဖြတ်ငါးဖြတ်လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များနှင့် ‘ဝ’ တပ်ဖွဲ့ UWSA ထံမှ ဖိအားများနှင့် ရင်ဆိုင်နေရစဉ် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောဆိုသည်။
“တိုက်ပွဲက မူဆယ်မြို့ အရှေ့ဘက်မှာတင်ဖြစ်တာ။ ည ၅ ခွဲလောက် ပစ်ကြတာ ၆ နာရီလောက် ပြန်ငြိမ်သွားတယ်။ မိနစ် (၂၀) လောက် ပစ်ကြတယ်။ တချို့ကလည်း ပြည်သူ့စစ်က နမ့်ခုမ်ရွာမှာ သေနတ်လာစမ်းလို့ တိုက်ပွဲဖြစ်တယ်လို့လည်း ပြောတယ်။ တာကောကတော့ မူဆယ်ကို လုံးဝမထိဖို့ ပြောထားတာဆိုတော့ ဘာထပ်ဖြစ်မလဲ မပြောတတ်ဘူး” ဟု မူဆယ်မြို့မှ စစ်ရေးလေ့လာသူ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ TNLA တပ်ဖွဲ့သည် သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ- (၅၀၃)၊ (၅၀၄) နှင့် ခလရ-(၂၃) တပ်ရင်းတို့ကို ၂ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တရုတ်ဖိအားရှိနေသည့်ကြားမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်း ဆင်နွှဲလာသည့် တစ်နှစ်အတွင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံးနီးပါးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က တိုက်ခိုက်ထိန်းချုပ်ထားသည်။
‘ဝ’ တပ်ဖွဲ့ UWSA ဝင်ရောက်နေရာယူထားသည့် တန့်ယန်းမြို့၊ သျှမ်းတပ် SSPP/SSA လုံခြုံရေးယူထားသည့် မိုင်းရယ်မြို့တို့နှင့်မတူဘဲ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးပြုလုပ်ရာ မူဆယ်မြို့ကို မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ယခုထိတိုင် တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။
မူဆယ်မြို့ ပတ်ပတ်လည်တွင် သျှမ်းတပ် SSPP/SSA၊ ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဝိုင်းရံပိတ်ဆို့ထားသော်လည်း စစ်ကောင်စီတပ်အပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ယခင်က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ဖိအားကြောင့် မူဆယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများက အွန်လိုင်းကျားဖြန့်လုပ်ကိုင်နေသူများကို ဟန်ပြဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား (၃၅၀) ကျော်ကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်ဒေသခံများပြောဆိုမှုအရ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။