မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့ပေါ်တွင် ဇန်နဝါရီဒုတိယပတ် အတွင်းမှစ၍ စစ်ကောင်စီတပ်က ညပိုင်းချိန် ပေါ်တာဆွဲယူမှု များလာသဖြင့် အသွားအလာပြုလုပ်ရာတွင် သတိထားသွားလာနေကြရသည်ဟု ဘီးလင်းမြို့ ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က အထူးသဖြင့် အသက် ၂၀၊ ၃၀ ဝန်းကျင်အရွယ် လူငယ်၊ လူလတ်ပိုင်းများကို ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် မြို့ပေါ်တွင် ညအချိန် အသွားအလာမပြုလုပ်ကြရန် သတိပေးတားမြစ်ထားရကြောင်း ဘီးလင်းဒေသခံ ရပ်မိရပ်ဖအမျိုးသားတစ်ဦးက ယခုလို ပြောဆိုသည်။
“မြို့ပေါ်မှာ ဆွဲတာပါ။ တောင်စွန်းမှာလည်း ဆွဲတယ်လို့ပြောသံကြားတယ်။ နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော် လူငယ်တွေကိုဆွဲနေတာ။ အဓိက ညပိုင်းပေါ့။ အပြင်တောင် မထွက်ရဲကြဘူး။ ကျနော်တို့ဆီက လူငယ်တွေကိုလည်း ညဘက်ညဘက် အပြင်မသွားနဲ့တော့လို့ မှာထားရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခံရမှုကြောင် လူပျောက်ဆုံးမှု များပြားလာသလို သွားလာရေးနှ င့်စီးပွားလုပ်ငန်းလုပ်ကိုင်ရာ၌လည်း မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဂိတ်များက ငွေကြေးကောက်ခံနေသည့်အတွက် စိုးရိမ်ကြောင့်ကြမှုအပြင် ငွေကုန်ကြေးကျ များပြားလာကြောင်း ဘီးလင်းမြို့နယ်တွင်း သတင်းရင်းမြစ်များက ပြောဆိုမှုအရ သိရသည်။
နောက်ထပ် ဘီးလင်းမြို့ခံအမျိုးသားတစ်ဦးက “မြို့ထဲမှာ ဒီရက်ပိုင်းပေါ်တာတွေ ဆွဲနေတယ်လေ။ ပါတဲ့သူတွေ လည်း ပါကုန်ပြီ။ ရွာနေလူထုက အဲဒါကြောင့်လည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ လုပ်စားရောင်းစားဖို့ သွားရင်လည်း တချို့ဂိတ်တွေမှာ မှတ်ပုံတင်ပါရင်တောင် စစ်တပ်ဂိတ်ကို ပိုက်ဆံပေးရတာတွေရှိနေတယ်။ စိုးရိမ်နေရတာပေါ့” ဟု ပြောသည်။
အာဏာသိမ်းကာလ ၄ နှစ်တာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြားဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ဆုံးရှုံးမှုများပြားလာခြင်းကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်လာသည်မှာ လက်ရှိတွင် အပတ်စဥ် (၈) စစ်သင်တန်းအထိ ရောက်ရှိပြီ ဖြစ်သည်။
ယခင် အပတ်စဥ် (၁) မှ (၇) အကြား တိုင်းနှင့်ပြည်နယ်အလိုက် မြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင်မည့်သူများအား ငွေပေးခြင်းအပြင် အခြားသောဖိအားပေး၊ စည်းရုံးမှုပုံစံအမျိုးမျိုးဖြင့် စစ်ကောင်စီတပ်က အရပ်သားများကို စစ်မှုထမ်းစေခိုင်းခဲ့သည်။
သို့ရာတွင် အပတ်စဥ် (၈) မှစ၍ တောင်ပိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးသည့် ဖြစ်စဥ်များ ခပ်စိပ်စိပ်ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းကလည်း ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၌ စစ်ကောင်စီက စစ်မှုထမ်းစာရင်းပါသည်ဟု ပြောဆို၍ အရပ်သားတစ်ဦး၏ နေအိမ်အတွင်းထိ ဝင်ရောက်ပြီး အတင်းအကြပ် ပေါ်တာဆွဲခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
KIC ပေးပို့သည်။