ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ထောက်ပို့အမျိုးသား ၃ ဉီး စစ်ကောင်စီတပ်၏ လိုက်လံဖမ်းဆီး ပစ်ခတ်မှုကြောင့် ၁ ဉီး သေဆုံးပြီး ၂ ဉီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက အဆိုပါ ထောက်ပို့အမျိုးသား ၃ ဉီးသည် မော်တောင်းကျေးရွာဘက်မှ ဖားကန့်မြို့တွင်းသို့ လာစဉ် စစ်ကောင်စီတပ်၏ လိုက်လံဖမ်းဆီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဖားကန့် KIA ၊ PDF နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။
“မနေ့က ဦးသိန်းအိမ်မှာ ဦးမောင်အေးနဲ့ ဦးမြင့်လွင်က အဲမှာ ခနဝင်တာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့တွေက ထောက်ပို့တွေ ဟုတ်တယ်။ သူတို့တွေက ထောက်ပို့ကိစ္စသွားပြီးအပြန်မှာ ဝင်တာ၊ ဝင်တဲ့ချိန်မှာ သူတို့ မိတ်ဆွေတွေက အမြဲတမ်းတွေ့ဆုံနေကြတာဘဲ။ ဦးသိန်းအိမ်ဝင်ပြီး စကားပြောကြတာ။ အဲမှာဝင်ဖမ်းတာ အဲချိန်ဦးမောင်အေးက သူ့ကားပါလာတော့ သူ့ကားဘက်ကိုပြေးတာ အဲချိန်မှာ သေနတ်နဲ့လိုက်ပစ်တော့ ဦးမောင်အေးက မြောင်းထဲကျသွားတာ၊ အဲမှာစစ်သားတွေက မြောင်းထဲကနေ ဆွဲထုတ်လာပြီး သူတို့စစ်ကား နောက်ဖုံးထဲ ပစ်ထည့်လိုက်တာ၊ ဒီမနက်ကြားရတာတော့ ဦးမောင်အေးက ဆုံးပြီ။ ဦးမြင့်လွင်လည်း တော်တော်နှိပ်စက်ခံထားရတယ်ကြားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် သေနတ်ထိမှန်သေဆုံးသွားသည့် ဦးမောင်အေးသည် အေးမြသာယာရပ်ကွက်တွင်နေသူဖြစ်ပြီး ကျန် ၂ ဉီး၏ အခြေအနေကို အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး စစ်ကောင်စီတပ်များသည် ဖားကန့်နယ်မြေတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ရန် ကြိုးစားလာပြီးနောက် မတ်လတွင် တပ်မမှူး အပြောင်းလဲလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံးပြီး နေ့၊ ည ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် KIA ၊ PDF များလည်း ဖမ်းဆီးခံရမှု ပိုမိုများလာသည့်အပေါ် တော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသားက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“လောလောဆယ် ဒီရက်ပိုင်းတွေမှာ သူတို့ ဖမ်းဆီးခံရတာတွေ များတယ်လေ၊ လူငယ်တွေ အဲ့ဒီကနေပြီးရတဲ့ အချက်အလက်တွေနဲ့လည်း ဖြစ်နိုင်တာပေါ့။ ဒါကြောင့်ဒီအဖမ်းအဆီးတွေ ရပ်ထဲရွာထဲတွေ ဝင်ချင်တိုင်းဝင်၊ မွှေချင်တိုင်းမွှေနေတာလည်း အဲ့ဒီအချက်နဲ့လည်း သက်ဆိုင်တာပေါ့။ လောလောဆယ် ဒီထောက်ပို့တို့ PDF တို့ကိုတော့ သဲကြီးမဲကြီးဖမ်းဆီးနေတာတွေ တွေ့ရတယ်” ဟု ဆိုသည်။
ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က အိမ်စီးကားများအသုံးပြု၍ လှုပ်ရှားနေခြင်း၊ စစ်တပ် ထောက်လှမ်းရေးများကို အရပ်ဝတ်များ ဝတ်ဆင်ကာ ပြည်သူအယောင်ဆောင်၍ သတင်းထောက်လှမ်းနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ပိုမိုဖြစ်ပွားနေသည်။
မေလ ၂၄ ရက်ကလည်း လုံးခင်းကျေးရွာရှိ တည်းခိုခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တည်းခိုခန်းတွင် တည်းခိုနေသည့် အမျိုးသား ၅ ဦးကို ဝင်ဖမ်းခဲ့ရာတွင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၁ ဦးကို KIA ၊ PDF နှင့် ဆက်နွယ်သည်ဟုဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
KNG ပေးပို့သည်