သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ဗန်းမော်မြို့မှ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင် ၂၀၀ ဦးထက်မနည်း ရှိနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ ကချင်ပြည်၊ ဗန်းမော်မြို့အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
ထိုသို့နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဗန်းမော်မြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဗန်းမော်ဒေသခံများသည် ဒီဇင်ဘာနောက်ဆုံးပတ်မှစ၍ နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြောင်း ဗန်းမော်မြို့ခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“ဗန်းမော်မြို့နဲ့တချို့ဘေးရွာက နေလို့မရတော့လို့ ထွက်ပြေးလာကြတာ။ ကျမတို့ရွာက အိမ်ခြေ ၁၀၀ ကျော်ရှိတယ်။ တဝက်လောက်က လေယာဉ်၊ လက်နက်ကြီးတွေကြောင့် ပျက်စီးကုန်ပြီ။ ရွာထဲမှာလည်း ထိခိုက်သေဆုံးတာတွေရှိတယ်။ ဗန်းမော်မြို့နဲ့ ကျမတို့ရွာနဲ့က ၃ မိုင်ပဲဝေးတာလေ” ဟု အဆိုပါစစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။
ဗန်းမော်မြို့နှင့် အနီးအနားရှိကျေးရွာများမှ ဒေသခံအများစုသည် တိုက်ပွဲများကြောင့် နီးစပ်ရာမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းတို့နေရပ်မြို့ရွာအတွင်း အိမ်စောင့်နေသူနှင့် ငွေးကြေးအခက်အခဲများကြောင့် ကျန်ရှိနေသူလည်း ရှိနေကြောင်း အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။
“ကျမတို့ရွာမှာ ကျန်နေသေးတဲ့လူလည်းရှိတယ်။ ဗန်းမော်နဲ့ နမ့်ခမ်းကို တောလမ်းကနေပဲ ပြေးလာကြတာ။ ဆိုင်ကယ်ဖိုးကလည်း တစ်ယောက်ကို ၄ သိန်း ၆ သောင်းလောက်ကုန်တယ်။ တချို့တွေက ငွေရေးအခက်အခဲကြောင့် မပြေးနိုင်ကြတာ။ တချို့ကလည်း သွားဖို့နေရာမရှိလို့ မထွက်လာကြသေးတာရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ၌ ဗန်းမော်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် နမ့်ခမ်းမြို့နယ်ရှိ နောင်ကောင်၊ နောင်မလုံ၊ နောင်ခမ်း၊ ကွန်ဟိုင်း၊ မန်ကွန်၊ အောင်မေတ္တာ စသည့် ကျေးရွာတို့တွင်နေထိုင်ကြပြီး ယင်းကျေးရွာများရှိ ဆွေမျိုးအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် နေထိုင်နေကြကြောင်း သိရသည်။
နှစ်ဖက်တပ်ကြားတိုက်ပွဲများကြောင့် ဗန်းမော်မြို့ဒေသခံအများစုသည် မြစ်ကြီးနား၊ ရွှေကူမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်၊ နမ့်ခမ်းမြို့တို့ရှိ နီးစပ်ရာဆွေမျိုးများဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ဇန်နဝါရီလ ၆ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ထိုးစစ် အရှိန်မြှင့်တင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး တချို့နေရာများတွင် မီးလောင်နေပြီး မြို့အကြီးအကျယ် ပျက်စီးနေကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။