ဆီဆိုင်မြို့ရှိ စစ်ကောင်စီ ရွှေတဂူစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး ကလေးစစ်သား ၁ ဦးဖမ်းမိ

0
25
ပုံစာ - ဖမ်းဆီးမိခဲ့သည့် ကလေးစစ်သား။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်အထိုင်ချသည့် ရွှေတဂူ စခန်းကို ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးပြီး ကလေးစစ်သား ၁ ဦးဖမ်းမိခဲ့သည်ဟု KNDF က ပြောဆိုသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးခဲ့သလို လက်နက်မျိုးစုံ ၃၀ ကျော်ကို သိမ်းဆည်းရမိပြီး၊ ပအိုဝ့်ပြည်သူ့စစ် (PNO) ကလေးစစ်သား စစ်သုံ့ပန်းတစ်ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် (PNO) တပ်က တပ်သားသစ်များကို အတင်းအဓမ္မစုဆောင်းနေသလို အသက်မပြည့်သေးသော ကလေးများကိုလည်း စုဆောင်းနေသည်ဟု တာအယ်စိုးက အခုလို ပြောဆိုသည်။

“စစ်သုံ့ပန်းက အသက် ၁၅ နှစ် အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။ PNO ရဲ့ စစ်သားဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အသုံးပြုပြီးတော့မှ အတင်းအဓမ္မ တပ်သားတွေကို စုဆောင်းနေတာဖြစ်ပါတယ်” ဟု တာအယ်စိုးက ဆိုသည်။

တိုက်ပွဲအတွင်း အသက်မပြည့်သေးသောကလေးများကို အသုံးချခြင်းက ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်သည့်ပြစ်မှုဖြစ်သလို နိုင်ငံတကာဥပဒေနှင့် စစ်ရာဇဝတ်မှုကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့က တစ်ရက်အတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ရွှေတဂူတပ်စခန်းသည် ဆီဆိုင်မြို့နှင့် ၁၀ မိုင်ဝန်းကျင် အကွာတွင်တည်ရှိပြီး ဆီဆိုင်မြို့အတွက် စစ်ရေးအရ အရေးပါသည့် စခန်းဖြစ်ကြောင်း သိရသည်။

“ရွှေတဂူစခန်းကတော့ ဆီဆိုင်မြို့ကို ကာထားတဲ့ကုန်းစခန်းတခုဖြစ်တဲ့အတွက် စစ်ကောင်စီအတွက်ရော PNO အတွက်ရော စစ်ရေးအရအရေးပါတဲ့ နေရာမျိုး ဖြစ်ပါတယ်” ဟု တာအယ်စိုးက ဆိုသည်။

အဆိုပါ ရွှေတဂူစေတီကုန်းအနီးအနားရှိ ကျေးရွာများက ဒေသခံများသည် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

၂၀၂၅ ခုနှစ် နှစ်သစ်ကစ၍ ရှမ်း – ကရင်နီ နယ်စပ်တလျှောက်တွင် စစ်ကောင်စီ၊ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ရွှေတဂူစခန်းကို တော်လှန်ရေးတပ်က သိမ်းပိုက်နိုင်ခြင်းလည်း ဖြစ်သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here