ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းနှင့်တိုက်ခိုက်

0
25
ပုံစာ - ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးမှုတချို့။ (ပုံဟောင်းဖြစ်သည် / Photo – PNLA)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ၂ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ ကားနှင့်အိမ်တချို့ မီးလောင်သွားခဲ့သည်ဟု စစ်ဘေးရှောင်နေရသည့် ကျေးရွာနေပြည်သူများက ပြောသည်။

တောင်ရှေ့ကျေးရွာအုပ်စု၊ ထီစုံကျေးရွာအား စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် မီးလောင်ဗုံးအသုံးပြု၍ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံးနှင့် ကားတစ်စီး မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ထီစုံကျေးရွာမှ ဆီဆိုင်မြို့သို့ တိမ်းရှောင်လာသူတစ်ဦးက “လွယ်ထွယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ထီစုံကျေးရွာဘက်ကို ကြဲတာပေါ့။ သူတို့က နေ့တိုင်းဒရုန်းနဲ့ကြဲတော့ ရွာသူရွာသားတွေလည်း ရွာထဲမှာ မနေရဲကြတော့ဘူးပေါ့နော်။ ပြီးတော့ အိမ်ခြေ ၁၀၀ ကျော်တောင် အဲဒီရှိတဲ့ရွာတွေကလည်း ၂၄ အိမ်က စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေ၊ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ ပျက်စီးသွားပြီပေါ့နော်” ဟု ပြောသည်။

ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်များ မကြာခဏ ဝင်ထွက်သွားလာလေ့ရှိပြီး ရိက္ခာစုဆောင်းခြင်း၊ ဖောက်ထွင်းခိုးယူမှုများ လုပ်ခံရလေ့ရှိသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ထို့အပြင် PNA က မကြာခဏ တပ်သားသစ်စုဆောင်းခြင်း၊ စစ်ဘေးရှောင်များ ပြန်လာသည့်အချိန်တွင် ဆက်ကြေး ကောက်ခံခြင်းများလည်း ပြုလုပ်လေ့ရှိပြီး တပ်သားသစ်နှင့် ဆက်ကြေးမရသည့်ရက်များတွင် ကျေးရွာအား လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်လေ့ရှိသည်ဟု ပြောဆိုကြသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “မနေ့က ဖြစ်စဉ်မှာတော့ ပြည်သူလူထုကို ထိခိုက်တာ မရှိပါဘူး။ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲပြီးမှ အိမ်ကို မီးလောင်သွားတာ။ အဲဒါနဲ့ သတင်းရပြီးနောက်ပိုင်း တခြားအိမ်တွေကို မီးကူးစက်တာမျိုးမဖြစ်ရအောင် ကျနော်တို့တပ်ဖွဲ့ကပဲ စွန့်စားပြီးတော့မှ မီးငြိမ်းသတ်ခဲ့တယ်ပေါ့နော်” ဟု ပြောသည်။

ထီစုံကျေးရွာတွင် PNLA တပ်ဖွဲ့ဝင်များ တပ်စွဲခြင်း၊ ဝင်ထွက်သွားလာခြင်းများ မရှိဘဲ စစ်ကောင်စီတပ်မှ ပအိုဝ်းကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇၆ ကြိမ်အထိရှိခဲ့ပြီး လူနေအိမ် ၁၈ လုံး၊ ဆေးခန်းတစ်ဆောင်၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဒေသတွင်းလူမှုအဖွဲ့အစည်း တာဝန်ရှိသူများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here