စစ်တွေတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ သုံးထောင်ကျော်အထိတိုးလာ

0
34
ပုံစာ - စစ်တွေမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များကို ယခုလအတွင်း တွေ့ရစဉ်။ (Photo - Wai Hun Aung)

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၃,၀၀၀ ကျော်အထိ တိုးလာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ စစ်တွေမြို့အနီးအနားရွာများနှင့် စစ်တွေမြို့ပေါ်ရှိ စက်ရုံစု၊ ရွှေပြည်သာ၊ မင်းဂံ၊ ဆတ်ရိုးကျ စသည့် ရပ်ကွက်များမှဖြစ်ပြီး မိသားစု ၇၅၀၊ လူဦးရေ ၃,၀၀၀ ကျော် ရှိကြောင်း သိရသည်။

“တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်လာကြတဲ့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်တွေ သိသိသာသာ တိုးလာတယ်။ အဝတ်အထည်ကိုယ်တစ်ခုနဲ့ ပြေးလာကြတော့ ခက်ခဲကြတယ်။ စားရေးသောက်ရေး၊ နေရေးထိုင်ရေးကအစ ဘာမှအဆင်မပြေကြဘူး” ဟု ရခိုင်စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးငယ်၊ ဒရုန်း၊ စနိုက်ပါများဖြင့်ပါ တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်း AA က ဇန်နဝါရီ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်သည် ဝါဘိုကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ်တအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ၌ စစ်တွေစစ်ဘေးရှောင်များသည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ကျောက်တော်စသည့် မြို့နယ်တို့တွင် ပြန့်ကြဲကာ ခိုလှုံလျက်ရှိပြီး လူဦးရေများပြားသဖြင့် အဝတ်အထည်၊ စောင်၊ အမိုးအကာနှင့် ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

“စစ်ကောင်စီက အဖမ်းအဆီးတွေ ပိုလုပ်လာတယ်။ သူတို့လက်ထဲရောက်သွားရင် မလွယ်ဘူး။ ဒီတော့ နည်းမျိုးစုံနဲ့ ထွက်ပြေးလာရတာ။ အဝတ်တထည်ကိုယ်တခုနဲ့ ပြေးလာရတော့ ဘာမှပါမလာဘူး။ ဒီက စစ်ဘေးရှောင် စခန်းတွေမှာ နေစရာတွေ မဆန့်တော့ ဖြစ်သလိုနေနေရတယ်။ အခက်အခဲကတော့ မျိုးစုံပဲ” ဟု စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းအပြင် ဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေကြောင်း သိရသည်။

ယင်းအပြင် စစ်တွေမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံတချို့ကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများလည်း ရှိနေကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲတစ်နှစ်ကျော် ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ တိုးလာနေပြီး စစ်ဘေးရှောင်များမှာ အကူအညီရရှိမှု နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here