စစ်ကောင်စီ၏ ရိက္ခာဆန်အိတ် ၃၀၀၀ နီးပါးကို တင်ဆောင်လာသည့် စက်လှေကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသပင်လယ်ပြင်တွင် KNU က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်ကို စက်လှေပေါ်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၄) မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ပဒိုစောအယ်နားက “စက်လှေထဲမှာပါလာတာ။ အားလုံး ၇ ယောက်ပါပဲ။ သူတို့ကို လောလောဆယ်တော့ ထိန်းသိမ်းထားတယ်။ အရပ်သားတွေဖြစ်နေတော့လည်း အရေးယူဖို့က ခက်နေပြန်တယ်” ဟု ပြောသည်။
သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများကို လိုအပ်သလို အသုံးပြုသွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။
ဆန်အိတ်ပေါင်း ၂၈၅၀ အိတ်နှင့် ရိက္ခာပစ္စည်းများ သယ်ဆောင်လာသည့် မြတ်သီရိအောင်အမည်ရှိ စက်လှေတစ်စီးကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသ ပင်လယ်ပြင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဇန်နဝါရီလ ၂ ရက်နေ့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်အတွက် ရိက္ခာများတင်ဆောင်လာသည့် စက်လှေကို KNU က သိမ်းဆည်းထားပြီး ထိုစက်လှေမှာ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးရှိန်ညွန့်နှင့် အဆက်အစပ်ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီက ပြည်သူများ၏ကားများ၊ စက်လှေများကို ချောဆွဲ၍ ပစ္စည်းများပို့ခြင်း၊ ရိက္ခာပို့ခြင်းနှင့် လူနာပို့ခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီ၏ မေတ္တာဗျူဟာကုန်းစခန်းသို့ ပို့ဆောင်မည့် ဆန် ၆၈ အိတ်၊ ဆီနှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ရိက္ခာကားတစ်စီးကို ထားဝယ်မြို့ နယ်၊ ဟိန္ဒူးချောင်းကျေးရွာအနီးတွင် KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့သေးသည်။
NMG ပေးပို့သည်။