ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ရင်း (၉) ထံသို့ စစ်ကောင်စီတပ်ရင်း ခလရ-၂၈၈ မှ တပ်သား ၂ ဦး လက်နက်ချအလင်းဝင်လာကြောင်း တပ်မဟာ (၃) KNU ထံမှ သိရသည်။
လတ်တလော စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးအခြေစိုက် စစ်ကောင်စီ၏ခြေလျှင်တပ်ရင်း ခလရ-၂၈၈ စခန်းမှ တပ်ဖွဲ့ဝင်(၂)ဦး လက်နက်နှင့်တကွ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က အလင်းဝင်လာသည်ဟု KNU ပြောဆိုသည်။
KNU ကျောက်ကြီးမြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက “ခလရ (၂၈၈) သံမဏိစခန်းက တပ်သားတွေ၊ တစ်ယောက်က အရင်က ကုန်ကားနောက်လိုက်တာ။ နောက်တစ်ယောက်က ထိုင်းဘက်မှာထောင်ကျပြီး မြန်မာပြည်ဘက်ကို ပို့တဲ့အချိန် စစ်ကောင်စီကဖမ်းတယ်။ ပြီးတော့ စစ်မှုထမ်းအပတ်စဥ် (၅) မှာ ထည့်လိုက်တာ။ ဒီမှာတာဝန်လာကျတာ တစ်လလောက်ပဲ ရှိသေးတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးအား KNLA တပ်မဟာ (၃) တပ်ရင်း (၉) အနေဖြင့် အဖွဲ့အစည်း၏ စည်းမျဥ်းဥပဒေများအတိုင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ပြောခွင့်ရ ပဒိုစောဝါးမူက ဆက်ပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုဆိုးရွားလာသော ပဋိပက္ခကြောင့် တပ်မဟာ (၃) နယ်မြေတွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဝက်ပိုင်းမှာပင် တိုက်ပွဲဖြစ်ပွားသည့် အကြိမ်ရေ ၄၀၀ ကျော်ဖြင့် KNU ခရိုင် ၇ ခုအတွင်း အများဆုံး တိုက်ပွဲအရေအတွက်ဖြစ်ကြောင်း KNU – ဗဟိုက ပြီးခဲ့သည့်နှစ် ဇူလိုင်လပိုင်းတွင် စာရင်း ထုတ်ပြန်ခဲ့သည်။
ထိုစာရင်းအရ KNU ခရိုင် ၇ ခုလုံး၌ တိုက်ပွဲပေါင်း ၂,၀၀၀ ထက်မနည်း ဖြစ်ပွားခဲ့သည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုမှာလည်း လူဦးရေ ၂,၀၀၀ ကျော်ရှိသည်။
ထို့ကြောင့် စစ်ရေးအရ ဆုံးရှုံးမှုများရှိနေသည့် စစ်ကောင်စီထံမှ စွန့်ခွာပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ ဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်အရေအတွက်တို့မှာလည်း သိသိသာသာရှိလာကြောင်း တော်လှန်ရေး အင်အားစုများမှ သိရသည်။
အလားတူ KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်အခြေစိုက် ဖူ့ချိမူစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ တပ်သားများအပါအဝင် စုစုပေါင်း ၄၈ ဦး တို့မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက ၎င်းတို့အခြေစိုက်စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်တာကြောင့် စခန်းမှ စွန့်ခွာပြေးပြီးနောက် KNLA ထံ လာရောက်လက်နက်ချ အညံ့ခံခဲ့ကြသည်။
KIC ပေးပို့သည်။