ဂွမြို့က ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာသွား

0
61

အာရက္ခတပ်တော် (AA) က ဂွမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၆၃) ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင် ဂွမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်များသည်လည်း စခန်းကို စွန့်ခွာသွားကြပြီဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တို့ ပြောဆိုမှုအရ သိရသည်။

“ဒီနေ့ (ဒီဇင်ဘာ ၁၃ ရက်) မနက် စွန့်ခွာသွားကြပြီလို့ သိရပါတယ်။ သူတို့ ဂွချောင်းတံတားကို ဖြတ်ကျော်ပြီး ချောင်းတဖက်ကမ်းမှာရှိတဲ့ မကျည်းငူဘက်ကို ဆုတ်သွားပါတယ်။ ဒီလမ်းက ဧရာ၀တီတိုင်း ရွှေသောင်ယံမြို့ဘက်ထိ သွားလို့ရပါတယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဂွမြို့တွင် စစ်ကောင်စီတပ်မှအပ ဌာနဆိုင်ရာရုံးများအားလုံး ဧရာ၀တီတိုင်းဘက်သို့ ပြောင်းရွှေ့သွားပြီးနောက် ရဲတပ်ဖွဲ့တစ်ခုသာ ကျန်ရှိနေပြီး ယခုအခါ ရဲတပ်ဖွဲ့လည်း ဧရာ၀တီတိုင်းဘက်သို့ ဆုတ်သွားပြီးဖြစ်သဖြင့် ဂွမြို့အုပ်ချုပ်ရေးသည်လည်း လုံး၀ပျက်သွားပြီဟု ၎င်းကဆိုသည်။

“ဂွမှာ အုပ်ချုပ်ရေးပျက်ပြားသွားတာ ကြာပါပြီ။ AA က ကျိန္တလီကို သိမ်းပြီးကတည်းက ဌာနဆိုင်ရာရုံးတွေ၊ ဘဏ်တွေ အကုန်လုံး ရွှေ့သွားတာ။ အခုနောက်ဆုံး လက်ကျန်ရဲစခန်းလည်း ဆုတ်သွားပြီဆိုတော့ အုပ်ချုပ်ရေးက လုံး၀ မရှိတော့ဘူး။ စစ်တပ်တစ်ခုသာ ကျန်တော့တယ်” ဟု ၎င်းကပြောသည်။

အာရက္ခတပ်တော်သည်  ဂွမြို့ အခြေစိုက် ခမရ (၅၆၃) ကို ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီက ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။

ဒေသခံတစ်ဦးက “ဒီနေ့ သေနတ်သံကြားရတာက ရဟိုင်းကွင်းဘက် ကြားရပါတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်နေပုံရပါတယ်။ တိုက်ပွဲတွေကြား ပိတ်ကျန်နေခဲ့တဲ့ နောက်ချန် စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပုံရပါတယ်” ဟု ပြောသည်။

ဂွမြို့သည် ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး မြို့တစ်မြို့ဖြစ်ပြီး ဧရာ၀တီတိုင်နှင့် နီးကပ်စွာတည်ရှိသဖြင့် စစ်ရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် အရေးပါသော မြို့တစ်မြို့လည်းဖြစ်သည်။

ဂွမြို့တွင် စစ်ကောင်စီတပ် ခမရ (၅၆၂) နှင့် (၅၆၃) တပ်ရင်း နှစ်ရင်းသာရှိပြီး တပ်အင်အားနည်းပါးနေ၍ ဧရာ၀တီတိုင်းမှ စစ်ကူများဖြင့် အင်အားဖြည့်တင်းထားကာ AA ၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားသည်ဟု သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here