ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၄)၊ ဘိတ် – ထားဝယ်ခရိုင် ထားဝယ် – ထီးခီး လမ်းပိုင်းတွင် ကော်သူးလေအာမီ (KTLA) က ပစ်ခတ်သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ရင်း (၁၀) ၏ ဒုတပ်ခွဲမှူး ဗိုလ်စောလားဒို သေဆုံးပြီး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ ခန့်က ဗိုလ်စောလားဒိုအပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးပါဝင်သောအဖွဲ့သည် မော်တော်ယာဥ်ဖြင့် ဆေးခန်းပြရန်ထွက်လာစဥ် KTLA လက်အောက်အဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှု ခံခဲ့ရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ (၄) တာဝန်ရှိသူက ပြောသည်။
“ဗိုလ်လားဒိုက သူ့တပည့်နေမကောင်းလို့ သူကိုယ်တိုင်ဆေးခန်းလိုက်ပို့တာ။ တပ်ရင်း (၁၀) ကနေ သူများဘက်ရောက်တော့ အပစ်ခံရတယ်။ သူလည်းသေတယ်။ သူ့တပည့်တစ်ယောက်လည်း ဒဏ်ရာရတယ်။ ပါသွားတဲ့နှစ်ယောက်က ပျောက်နေတုန်း၊ အခုထိ ရှာလို့မတွေ့သေးဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ထားဝယ် – ထီးခီး လမ်းပိုင်းပေါ်တွင် စစ်ကောင်စီတပ် စခန်းချနေထိုင်သည့်နေရာများ မရှိသလို KNLA နှင့် KTLA တို့သာ လှုပ်ရှားသွားလာကြသည့် နေရာများဖြစ်သည်ဟုလည်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယခုလိုဖြစ်ရပ် ပေါ်ပေါက်လာသည့်အတွက် တပ်မဟာ (၄) ထိပ်ပိုင်းခေါင်းဆောင်များအတွက် နောက်နောင်ကာလ သွားလာရေး၌ စိုးရိမ်နေရသည့် အနေအထားလည်းဖြစ်သည်ဟု KNLA တပ်မဟာ (၄) တာဝန်ရှိသူက ဆက်ပြောဆိုသည်။
“KTLA ဟာ စစ်ကောင်စီလို ရန်သူမဟုတ်တော့ သူတို့ဘက်က ဘာတွေလှုပ်ရှားမှုရှိလဲ မသိရဘူးလေ။ အဲဒါကြောင့် နောက်ပိုင်းကျရင်တော့ ကျနော်တို့ တပ်မဟာ (၄) ဘက်က ခေါင်းဆောင်တွေအတွက် သွားရေးလာရေးက စိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်၂၀၂၃ ခုနှစ်ကစ၍ KNLA တပ်မဟာ (၄) နှင့် ကော်သူးလေအာမီ KTLA တို့အကြား နှစ်ဖက်တင်းမာမှုများ ဖြစ်ပွား၍ KTLA ဘက်က KNLA တပ်ရင်းတပ်ဖွဲ့ဝင်များကို ပစ်ခတ်မှုကြောင့် ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိလာသည့်အတွက် KNLA ဘက်က ယမန်နှစ်ကုန်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရာ KTLA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
တပ်မဟာ (၄) နယ်မြေတွင် ဘုံရန်သူ စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်ရမည့်အစား ကရင့်လက်နက်ကိုင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှု မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့်အတွက် ယင်းအပေါ် ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
အလားတူပင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က ကစယ်ဒိုမြို့နယ်အတွင်း KTLA တပ်ရင်း (၁၂) တပ်ခွဲ (၄) ၏ ဒု-တပ်ခွဲမှူးတစ်ဦးအား KTLA တပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီးမှ ပစ်ခတ်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။
KIC ပေးပို့သည်။