“အဲဒီမှာ ကျောက်ထုတ်တာ လုံးဝပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အခုလောလောဆယ် လုပ်လက်စတွေ ရှိနေတဲ့အပြင် တချို့ကျောက်တုံးအစအနတွေက လယ်မြေမှာကျတာရှိတော့ ဒါတွေကိုပြန်ကောက်ပြီး ကြေအောင်ပြန်ချေဖို့ အခွင့်အရေးပေးထားတယ်” KNU ပိုင်ကျုံမြို့နယ်တာဝန်ရှိသူတစ်ဦး

0
86
ပုံစာ - ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်ရှိ ကျောက်ထုတ်လုပ်မှုတခု။

ပိုင်ကျုံမြို့၊ ပေါင်ကျေးနယ်ရှိဒေသခံများကို နစ်နာမှုဖြစ်စေသည့် ကျောက်ထုတ်လုပ်မှုအား ဆက်လုပ်ခွင့် ပြု/မပြုနှင့်ပတ်သက်ပြီး KNU ပိုင်ကျုံမြို့နယ်တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၇) နယ်မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်အတွင်း နယ်ခြားစောင့်တပ် – BGF တပ်ရင်း (၁၀၁၅) မှ ဗိုလ်မှူးဝင်းလှိုင်စိန် စီမံသည့် ကျောက်ထုတ်လုပ်မှုလုပ်ငန်းကြောင့် အနီးရှိဒေသခံများ လယ်မြေပျက်စီးခြင်း၊ လုပ်ငန်းခွင်ထိခိုက်ခြင်းတို့ ဖြစ်ပေါ်လာသည်။

ယင်းအပြင် ကျောက်ထုတ်လုပ်ငန်းတွင် လုပ်ကိုင်ကြသည့် အလုပ်သမားများက ဒေသခံပိုင်ခြံများအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ ပစ္စည်းခိုးယူခြင်းတို့ကြောင့် ပတ်ဝန်းကျင်လုံခြုံမှုကို စိုးရိမ်လာတာကြောင့် ဒေသခံများက ခရိုင်ဥက္ကဌသို့ ကန့်ကွက်စာတင် တောင်းဆိုကြရာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သို့ရာတွင် လက်ရှိအချိန်ထိ ကျောက်ထုတ်သည့် လုပ်ငန်းခွင်မှာ လုံးဝပိတ်သိမ်းသွားခြင်းမရှိသည့်အပြင် ကျောက်ထုတ်လုပ်မှုကြောင့် ဒေသခံများတွင် ကျန်းမာရေးပြဿနာအချို့ပါ ကြုံလာနေရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ထို့အခြေအနေကြောင့် KNU အနေဖြင့် ကျောက်ထုတ်လုပ်မှု ဆက်လုပ်ခွင့် ပြုမပြုနှင့် စပ်လျဥ်းသည့် ဖားအံခရိုင်နှင့် ပိုင်ကျုံမြို့နယ်တာဝန်ရှိသူများ ပါဝင်သော အစည်းအဝေးတရပ်ကို အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး KNU ပိုင်ကျုံမြို့နယ်တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပိုင်ကျုံမြို့နယ်ထဲက BGF ခေါင်းဆောင်တချို့ဦးဆောင်တဲ့ ကျောက်ထုတ်လုပ်မှုအတွက် အောက်တိုဘာ ၁၅ ရက်နေ့က အစည်းအဝေးပြုလုပ်တယ်လို့ သိရတယ်။ ဘယ်သူတွေ ဦးဆောင်ပါဝင်ခဲ့ပါလဲ။

ဖြေ။ ။ ခရိုင်ရဲ့ညွှန်ကြားမှုနဲ့ အစည်းအဝေးလုပ်တာပါ။ ကျောက်တောင်နားက ပေါင်ရွာမှာလုပ်တာ။ ကျနော်တို့ အခုလိုအစည်းအဝေးလုပ်တဲ့အပေါ် ဒေသခံတွေကလည်း လက်ခံတယ်။ အများကြီးလည်း လာတက်ကြတယ်။ အစည်းအဝေးမှာတော့ ဒေသခံတွေပါတယ်။ မြို့နယ်တာဝန်ရှိသူတွေ၊ တပ်ရင်း (၁၉) တပ်ရင်းမှူး၊ BGF-နယ်ခြားစောင့် တပ်ဖွဲ့ဝင်တချို့နဲ့ ငြိမ်းချမ်းရေးကောင်စီ – PC ဘက်ကလည်း ပါပါတယ်။

မေး။ ။ အစည်းအဝေးအတွင်း ပိုင်ကျုံမြို့နယ်ထဲက ကျောက်ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ချက်များ ထွက်လာပါလဲ။

ဖြေ။ ။ ဒီနေ့အစည်းအဝေးပွဲမှာ ဒေသခံတွေတင်ပြလာတဲ့ ကျောက်လုပ်တဲ့နေရာ ၅ နေရာထဲက ပထမဦးဆုံး ၂ နေရာမှာ ကျောက်တောင်တွေဆက်လုပ်ဖို့ အခွင့်အရေးပေးထားတယ်။ နောက်ထပ် ၂ နေရာကတော့ ဒေသခံတွေရဲ့ လယ်မြေတွေ ထိခိုက်မှုဖြစ်တဲ့နေရာပေါ့။ အဲဒီမှာ ကျောက်ထုတ်တာ လုံးဝပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် အခုလောလောဆယ် လုပ်လက်စတွေရှိနေတဲ့အပြင် တချို့ကျောက်တုံးအစအနတွေက လယ်မြေမှာ ကျတာရှိတော့ ဒါတွေကိုပြန်ကောက်ပြီး ကြေအောင်ပြန်ချေဖို့ အခွင့်အရေးပေးထားတယ်။ နောက်ကျန်တဲ့ ၁ နေရာကြတော့ ဒေသခံတွေ လုပ်စားတဲ့နေရာနဲ့ မနီးတော့ ဆက်လုပ်ဖို့ အခွင့်အရေးပေးဖို့ ဆုံးဖြတ်ထားတယ်။ ဆက်လုပ်မယ့် ၃ နေရာကလည်း လာမယ့် ၂၀၂၅ မေလပိုင်းမှာ အပြီးသတ်ရမယ်ဆိုတာကို ကတိကဝတ်ပြု စာချုပ်နဲ့ ပြန်ချုပ်ကြတာရှိတယ်။

မေး။ ။ လက်ရှိမှာ ကျောက်ထုတ်လုပ်မှုကြောင့် လယ်မြေလုပ်ငန်းခွင် ထိခိုက်စေတဲ့နေရာကို ခဏရပ်ထားတယ်လို့ သိရတယ်။ နောက်ပိုင်းရော ဘယ်လိုစီမံသွားမှာပါလဲ။

ဖြေ။ ။ ဒေသခံတွေ အလုပ်လုပ်တဲ့အချိန်မှာ ကျောက်တောင်လုပ်တဲ့လူတွေကနား၊ ဒေသခံတွေ နားတဲ့အချိန်မှာ ကျောက်တောင်ပြန်လုပ် အဲ့လိုသတ်မှတ်ထားပေးတယ်။ ဥပမာ- နေ့လည် ၁၂ နာရီကနေ ၁ နာရီအထိက ဒေသခံတွေ နားတဲ့အချိန်လေ၊ အဲဒီအချိန်မှာ ကျောက်တောင်လုပ်တဲ့သူတွေက အလုပ်လုပ်လို့ရသလို ဒေသခံတွေ အိမ်ပြန်ချိန် ညနေ ၅ နာရီကနေ ၆ နာရီခွဲလောက်အထိ အလုပ်ပြန်လုပ်ဖို့ စီမံခန့်ခွဲထားပေးတယ်။

အဲဒီလိုစီမံခန့်ခွဲတာလည်း အကြာကြီးမဟုတ်ဘူး။ ခုနကပြောသလို လုပ်လက်စဟာတွေကို ပြန်ရှင်းလင်းဖို့ဖြစ်တယ်။ လယ်ထဲ ကျောက်စကျတာတွေ ရှင်းပေးဖို့အတွက်ပေါ့။ ရှင်းပေးပြီးသွားပြီဆိုရင်တော့ ဆက်လုပ်ဖို့ရှိမှာ မဟုတ်တော့ပါဘူး။

မေး။ ။ ကျောက်ထုတ်လုပ်ကွက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဒေသခံပိုင်လယ်မြေပျက်စီးတာအတွက် လျော်ကြေးပေးမယ့်အပိုင်းရော ရှိပါလား။ အစည်းအဝေးမှာ ဒါကိုရောထည့်သွင်းဆွေးနွေးခဲ့ပါလား။

ဖြေ။ ။ ပျက်စီးသွားတဲ့လယ်မြေအတွက် လျော်ကြေးပေးဖို့ကတော့ ကျောက်တောင်လုပ်တဲ့သူတွေက ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒေသခံတွေက မယူဘူး။ ပျက်စီးသွားတဲ့ဟာကိုပဲ ပြန်ရှင်းပေး လယ်ထဲကျတဲ့ ကျောက်စတွေကိုပဲ ပြန်ရှင်းပေး၊ လျော်ကြေးကတော့ ပေးမယ်လို့ပြောပေမယ့် ဒေသခံတွေက မယူဘူးလို့ ပြောတယ်။

မေး။ ။ ကျောက်ထုတ်လုပ်မှုမှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေက ဒေသခံပိုင်လယ်မြေထဲ ကျူးကျော်နေတာ၊ ဥစ္စာပစ္စည်းခိုးယူတာတွေကြောင့် ပတ်ဝန်းကျင် မလုံမခြုံဖြစ်စေတာနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖို့ ရှိပါလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့အချိန်တုန်းက ကျောက်လာလုပ်တဲ့သူတွေက ဒေသခံတွေပိုင်တဲ့နေရာထဲ လိုက်ဝင်နေတာတို့၊ ခိုးတာတို့ဘာတို့ ရှိတဲ့အခါကြတော့ ကျောက်ထုတ်လုပ်မှုတာဝန်ခံတွေကပြောတယ်။ သူတို့မှာ အလုပ်လာလုပ်တဲ့ သူတွေရဲ့နာမည်စာရင်း အတိအကျရှိတယ်။ အဲဒီစာရင်းတွေကို နယ်မြေတာဝန်ခံတွေကို ပေးဖို့ရှိတယ်။ နောက်ပြီး အဲ့လိုဝင်နေကြတဲ့သူတချို့ကလည်း သူ့ဟာသူလာနေတဲ့သူတွေ ဖြစ်တယ်။

ကုမ္ပဏီကလူတွေ မဟုတ်တာလည်းရှိတော့ ကုမ္ပဏီနဲ့မဆိုင်ဘူးပေါ့။ အဲဒါကြောင့် ရှိထားတဲ့ အလုပ်သမားစာရင်းနဲ့ အခုလက်ရှိ ကျူးကျော်ဝင်ရောက်နေထိုင်တဲ့သူစာရင်းကို တိုက်ဆိုင်စစ်ဆေးပြီး ကိုယ့်ဆီကအလုပ်သမားဆိုရင် ကိုယ်တာဝန်ယူမယ်။ အခြားမဆိုင်တဲ့သူတွေကိုတော့ မောင်းထုတ်ဖို့ အစီအစဥ်ရှိတယ်လို့ သိရတယ်။

မေး။ ။ နောက်တခုက ကျောက်ထုတ်လုပ်မှုကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးပြဿနာပါရှိလာတယ်လို့ သိရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ပြောဆိုခဲ့ကြတာရှိပါလား။ ခရိုင်အနေနဲ့ရော ဒါကို သိရှိထားပါလား။

ဖြေ။ ။ အရေပြားရောဂါဖြစ်တာကတော့ တချိုု့ရှိတယ်၊ တချို့တော့မရှိပါဘူး။ ဖြစ်တာကလည်း ကျောက်တွေက ဟိုကျဒီကျ ရေထဲလည်းကျတာပေါ့။ အဲဒါကြောင့် ဒေသခံတွေက အဲဒီရေကိုချိုးမိတာတို့ တောထဲ ငါးရှာ၊ ဖားရှာတဲ့ သူတွေက သုံးမိတာတို့ရှိတော့ တချို့ အဆိပ်အတောက်ဖြစ်တာရှိတယ်။ ဒါပေမဲ့ အသက်သေဆုံးတဲ့ အထိတော့ မရှိဘူးလို့ ဒေသခံတွေက ပြန်ပြောလာတာရှိပါတယ်။

နောက်တခုက ကျောက်ပေါက်တဲ့ (ကျောက်ခွဲကျောက်ထု) အချိန်မှာကျတဲ့ ကျောက်စကျောက်နတွေက ရေထဲကျတဲ့အခါ ရေစီးကြောင်း ပိတ်ဆို့တာတွေရှိတော့ လယ်လုပ်တဲ့ ဒေသခံတွေ ရေရရှိမှု အဟန့်အတားဖြစ်တာ ရှိတယ်။ ရေမသန့်တာကတော့ အရေပြားရောဂါဖြစ်လာတဲ့ အဓိက အကြောင်းအရင်းပါပဲ။ အရေပြားရောဂါ ဖြစ်တဲ့သူတချို့ကတော့ ကျောက်တောင်ကလာတဲ့ အငွေ့အဆိပ်တောက်တွေကို ရှုရှိုက်မိတဲ့အခါ သက်ကြီးရွယ်အို ဒေသခံတွေ ခေါင်းမူးမောတာမျိုးလည်း ရှိနေတယ်လို့ သိရတယ်။

ဒါက အကုန်လုံးတော့ မဟုတ်ဘူးပေါ့နော်။ ဘယ်ကဒေသခံတွေ ဖြစ်တာများလဲဆိုတာတော့ အတိအကျ မသိနိုင်ဘူးလေ။ ကျောက်တောင်နားနီးနေတဲ့ ရွာကလူတွေတင်မဟုတ်ဘူး အဲဒီတဝိုက်မှာ ငါးလာရှာတဲ့သူတွေလည်းရှိတော့ ပြောဖို့ခက်တယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောဖို့ ရှိပါဦးမလဲ။

ဖြေ။ ။ အခုအစည်းအဝေးပြီးတဲ့နောက်မှာ ကျနော်တို့ ခရိုင်ကို ပြန်တင်ပြဖို့ရှိပါတယ်။ ကျနော်တို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တချို့က ကုမ္ပဏီတွေနဲ့ အလုပ်တွဲလုပ်တဲ့အခါကြတော့ အစည်းအဝေးမှာ သူတို့က နယ်မြေတာဝန်ရှိသူတွေကို တောင်းဆိုလာတာရှိတယ်။ ဘာတွေတောင်းဆိုလာလဲဆိုတော့ သူတို့က လမ်းကိစ္စအတွက် အဓိကလုပ်နေလက်စမို့လို့ အချိန်ထပ်ပေးဖို့ပေါ့နော်။

ဆိုတော့ ကျနော်တို့လည်း ပြေလည်ရာပြေလည်ကြောင်း ပြန်ပြီးအခွင့်အရေးပေး ဆုံးဖြတ်တာဖြစ်တယ်။ ဒီလိုအခွင့်အရေးပေးရာမှာလည်း ၂၀၂၅ ခုနှစ် မေလပိုင်းအထိပဲ စာချုပ်နဲ့သတ်မှတ်လိုက်တာ ဖြစ်တယ်။ အဲကာလ ပြီးတဲ့အချိန်မှာ လမ်းကိစ္စ မပြီးသေးတာပဲဖြစ်ဖြစ် ထပ်အချိန်လိုအပ်တယ်ဆိုရင်ပေါ့ အဲဒီအခါကျ ထပ်ပြီး စကားပြောကြဖို့ ရှိပါတယ်။ ၂၀၂၅ ခုနှစ် မေလနောက်ပိုင်း ဆက်လုပ်မယ်ဆိုရင်တောင် ထိခိုက်မှုမရှိအောင် နည်းစနစ်မှန်မှန်နဲ့ ဆက်သွားဖို့လည်း တိုင်ပင်ရမှာပါ။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here