KIA သိမ်းပိုက်ထားသည့် ချီဖွေမြို့တွင် KIO အုပ်ချုပ်ရေးယန္တရားစတင်နေမှုအပါအဝင် မြို့လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ချီဖွေဒေသခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ဆယ်စုနှစ် တစ်ခုအကြာအထိ ကချင်အထူးဒေသ (၁) ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့က ထိန်းချုပ်ထားသည့် ချီဖွေမြို့နယ်ကို KIA တပ်က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားပြီဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကစ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်လိုက်သည့် ထိုစစ်ဆင်ရေးအတွင်း စက်တင်ဘာလ ၂၉ ရက်နေ့တွင် ချီဖွေမြို့တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
ယင်းအပြင် စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကချင်အထူးဒေသ (၁) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ဆော့လော်မြို့ကိုလည်း KIA ပူးပေါင်းတပ်များက တပြိုင်နက်ထပ်မံသိမ်းပိုက်လိုက်နိုင်သည်။
လက်ရှိတွင်လည်း KIA ပူးပေါင်းတပ်များက ချီဖွေနှင့် ပန်ဝါသွားလမ်းပေါ်က ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့် တပ်တို့၏ လုပီကျေးရွာက ၁၀၀၂ တပ်ရင်းကို အောက်တိုဘာ ၁၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နောက် ဒေသတွင်းတိုက်ပွဲများ ဆက်ရှိနေသည်။
KIA တပ်က ချီဖွေမြို့တစ်ခုလုံး သိမ်းပိုက်အပြီး KIO/KIA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် အစိုးရနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာအုပ်ချုပ်ရေးရုံး၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် လဝကရုံးအသီးသီးကို “KIO/KIA” စာသား လိုက်လံရေးသားပြီး ချိတ်ပိတ်ထားသည်ဟု ဆိုသည်။
KIO အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်မှုနှင့်ပတ်သက်ပြီး အောက်တိုဘာလဆန်းပိုင်းအတွင်း ချီဖွေမြို့ရှိ အသင်းတော်အသီးသီး တာဝန်ရှိသူတချို့နှင့် KIO အုပ်ချုပ်ရေး တာဝန်ရှိသူတချို့ အလွတ်သဘောခေါ်ယူ ဆွေးနွေးမှု ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားစဉ်ကတည်းက ချီဖွေဒေသခံပြည်သူ ထောင်ချီခန့်သည် နီးစပ်ရာလုံခြုံမှုရှိနိုင်သည့် နေရာဒေသများကို ယာယီထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ထိုအခြေအနေများကြောင့် KIA သိမ်းပိုက်ထားသည့် ချီဖွေမြို့၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ချီဖွေဒေသခံ အမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ရှေ့ဦးစွာ ချီဖွေမြို့အခြေအနေ ဘယ်လိုရှိသွားပြီလဲ။ နောက်ဆုံးအခြေအနေကို ပြောပြပေးပါအုံး။
ဖြေ။ ။ ချီဖွေမြို့မှာက လက်နက်သံတွေ လောလောဆယ်က ဘာမှမကြားရတော့ဘူး။ မြို့သိမ်းပြီးကတည်းက တိုက်ပွဲက ပန်ဝါဘက်မှာပဲ ပြန်ဖြစ်နေတယ်။ ဒီမှာက ငြိမ်းချမ်းနေသေးတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ မြို့သိမ်းပြီးကတည်းက ဒီရက်ပိုင်းအတွင်းမှာရော စစ်တပ်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်တာ တွေရှိပါလား။
ဖြေ။ ။ မြို့သိမ်းပြီး နှစ်ရက်၊ သုံးရက်လောက်က ဆက်တိုက် ညအချိန်တွေမှာ လာပျံဝဲပြီး လာပစ်တာတွေရှိတယ်။ အဲလိုလာပစ်လို့လည်း တချို့ရပ်ကွက်တွေမှာ ကျကွဲပေါက်ကွဲတာတွေရှိတယ်။ ပြည်သူတချို့လည်း သေဆုံးတာ ရှိခဲ့တယ်။
မေး။ ။ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေက စတင်နေပြီလား။ ဘယ်လို ရှိနေပြီလဲ။
ဖြေ။ ။ မြို့သိမ်းပြီး ဘယ်လောက်မှမကြာဘူး၊ KIO ရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အလွတ်သဘောခေါ်ယူ ဆွေးနွေးတာရှိတယ်။ သေချာတော့ ဘာမှမလုပ်ရသေးဘူး။ KIO ရဲ့ တာဝန်ရှိတဲ့သူတွေ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ရှင်းပြတာရှိသလို ကျနော်တို့ဘက်ကလည်း ဖြစ်ချင်တဲ့ဟာ ပြောပြတာတွေ ရှိပါတယ်။ သူတို့ဘက်ကလည်း အုပ်ချုပ်ရေးစတင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ရောက်နေကြပြီ။
မေး။ ။ ချီဖွေဒေသခံတွေအားလုံးက မြို့ထဲကိုပြန်ဝင်လာကြပြီလား။ ဘယ်လိုအခြေအနေ ရှိနေပြီလဲ။
ဖြေ။ ။ တချို့ကတော့ ပြန်ဝင်လာကြပြီ။ တချို့ကတော့ လေကြောင်းရန်ကို စိုးရိမ်ပြီးတော့ ပြန်မဝင်လာရဲ ကြသေးဘူး။ အသက်ကြီးရွယ်အိုတွေ၊ နောက် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေက ပြန်မဝင်လာ ကြသေးဘူး။ ဝင်လာတဲ့သူတွေက တဝက်လောက်တောင် မရှိသေးဘူး။ အဓိကတော့ အိမ်စောင့်လောက်ပဲ ဝင်လာသေးတယ်။ သေနတ်သံ၊ လက်နက်သံတွေ မကြားတော့ပေမယ့် လေကြောင်းက စိုးရိမ်နေရသေးတယ်။
မေး။ ။ ဒေသခံပြည်သူတွေကစိုးရိမ်ပြီး မြို့ထဲကိုပြန်မဝင်လာကြသေးတာရယ်၊ တဖက်မှာ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေက ပြန်လည်စတင်တော့မှာဆိုတော့ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ လောလောဆယ်က မျှော်မှန်းထားသလိုဖြစ်လာဖို့က လိုသေးတယ်လို့ မြင်ပါတယ်။ ဘာမှလည်း ပြင်ဆင်နိုင်သေးတာလည်း မရှိသေးတဲ့အတွက် အချိန်ခဏတော့ စောင့်ရအုံးမယ်လို့ထင်ပါတယ်။ ဒီနယ်မြေထဲ မှာလည်း တိုက်ပွဲတွေ ရှိနေသေးတယ်ဆိုတော့လေ ကျနော်တို့ကိုယ်တိုင်ကလည်း ကောင်းမှာလား၊ မကောင်းဘူးလား ဆိုတာကို ပြောဖို့ကခက်နေသေးတယ်။
မေး။ ။ ဒါဆိုရင် လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ရော KIO အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူဆောင်ရွက် ပေးစေချင်လဲ။
ဖြေ။ ။ လောလောဆယ်က လေကြောင်းနဲ့ ဗုံးလာကြဲမှာတစ်ခုပဲ ကြောက်နေရတယ်။ ကျန်တာက အဲလောက်မှ မဟုတ်ဘူး။ အဲ့ကြောင့်လဲ မပြန်ရဲကြသေးတာလေ။ ဘာပဲဖြစ်ဖြစ် KIO အနေနဲ့ ဒီဒေသတွေကို သူတို့ ထိန်းချုပ် ချင်လို့ သိမ်းထားပြီဖြစ်တဲ့ သူတို့အပေါ်မှာ တာဝန်ရှိပါတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း သူတို့ကိုင်တွယ် ဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ နောက်တခုက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF နေရာမှာ KIA က မြို့သိမ်းတိုက်ပွဲဖော်ဆောင် လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ KIA စခန်းသိမ်းတိုက်ပွဲက ချီဖွေ၊ ပန်ဝါဘက်မှာပဲ ဖြစ်နေတာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာလည်း ဖြစ်နေသလို၊ ကချင်ပြည်နယ်ထဲမှာလည်း ဖြစ်နေတာဖြစ်တယ်။ ပြီးရင် ဒီဒေသမှာလည်း ယခင်ကနေ KIO/KIA အုပ်ချုပ်မှုအောက်မှာလည်း မရှိခဲ့တာဖြစ်တဲ့အတွက် အပြောင်းအလဲတစ်ခုဖြစ်ဖို့ ဖြစ်လာတယ်လို့ပဲ မြင်ပါတယ်။
မေး။ ။ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသတွေမှာ ကချင်မျိုးနွယ်စုတွေဖြစ်တဲ့ လာချိဒ်၊ လော်ဝေါ်နဲ့ လီဆူလူမျိုးတွေ အဓိက နေထိုင်ကြတဲ့ဒေသဖြစ်တယ်။ KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်လုပ်ဆောင်နေရင် ဘယ်လိုတွေ ဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ ဒီအပေါ်မှာ KIO/KIA အနေနဲ့လည်း နည်းလမ်းရှာမယ်လို့ ထင်တယ်။ နည်းလမ်းရှာမယ်လို့ ပြောတဲ့ အထဲမှာ အဓိက နှစ်တပ်ညှိနှိုင်ဆွေးဖို့ပေါ့။ ညှိနှိုင်းဆွေးဖို့လည်း ပြောတယ်လို့ ကြားတယ်။ ဒါပေမယ့် လက်ခံတဲ့ သူတွေရှိသလို လက်မခံတဲ့ သူတွေလည်း ရှိတယ်လို့ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် တပ်တွေ နောက်ဆုံးအနေနဲ့ ညှိနှိုင်းဆွေးနွေးတာကို လက်မခံရင် တိုက်ပွဲတွေက ပိုပြင်းထန်မယ်လို့ထင်ပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီလိုက လုံးဝမဖြစ်ချင်ပါဘူး။
မေး။ ။ ဒါဆိုရင် KIO/KIA အနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ ထင်ပါလဲ။
ဖြေ။ ။ နှစ်ဖက်တပ် သေချာလေးညှိနှိုင်းပြီး သွားရင်တော့ အဆင်ပြေဆုံးပေါ့။ အဲဒီလမ်းကြောင်းတစ်ခုသာ အဆင်ပြေဆုံးလို့ မြင်ပါတယ်။ နောက် KIO/KIA အနေနဲ့ လူမျိုးအချင်းချင်းကို သွေးခွဲတဲ့ပုံစံနဲ့ မသွားပဲ ဘာသာရေးနဲ့ဆိုရင် ဘာသာရေး၊ ရိုးရာနဲ့ဆိုရင်လည်း ရိုးရာနဲ့ လူမျိုးအချင်းချင်း ညှိနှိုင်းအဖြေရှာပြီး သွားရင်တော့ အရမ်းကောင်းတယ်လို့ မြင်ပါတယ်။
မေး။ ။ နောက်ဆုံး လက်ရှိ ချီဖွေ၊ ပန်ဝါဘက်မှာ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး ဒီကနေ ဘာများပြော ချင်ပါလဲ။
ဖြေ။ ။ တိုက်ပွဲတွေ အမြန်ဆုံးပြီးသွားပြီး ပြည်သူလူထုတွေ အရင်ပုံမှန်အတိုင်းလေး ပြန်ဖြစ်ချင်ပါတယ်။
KNG ပေးပို့သည်။