အကျဉ်းထောင်များထဲ အမျိုးသမီးအကျဉ်းသူများ ရင်ဆိုင်နေရသည့် ဖိနှိပ်ညှဉ်းပန်းမှု အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းနှင့် ဆက်သွယ် မေးမြန်းချက်။
စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များထဲတွင် လက်ရှိတွင် အကျဉ်းသား များအား အထူးသဖြင့် နိုင်ငံရေးပုဒ်မများနှင့် ထောင်ချခံထားရသူ အကျဉ်းသူများသည် ထောင်ဝန်ထမ်းတို့၏ နိုင်ထက်စီးနင်းပြုမှုကို ခံနေကြရသည်။
အထူးသဖြင့် မကြာသေးခင် ဇွန်လအတွင်းက ကျိုက်မရောအကျဉ်းထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူများအား ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေး အကျဉ်းသူ ၅ ဦး ဒဏ်ရာရခဲ့ပြီး ဆေးကုသခွင့်မရသည့်အပြင် နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော်သည်လည်း တိုက်ပိတ်ခံထားရသည့် ဖြစ်ရပ်က အထင်ရှားဆုံး ဖြစ်ခဲ့သည်။
အကျဉ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင်များထဲ နိုင်ငံရေးအကျဉ်းသူများ ရင်ဆိုင်နေရသည့် ဖိနှိပ် ညှဉ်းပန်းမှု၊ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု၊ ထောင်ဝင်စာတွေ့ခွင့်၊ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရသည့် အခြေအနေများနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP – Women’s Organization Of Political Prisoners) မှ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အရင်ဦးဆုံးအနေနဲ့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိနေလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ မြန်မာနိုင်ငံအကျဉ်းထောင်တွေရဲ့ အခြေအနေက သူတို့တွေသည် လက်ရှိ ခြောက်လပိုင်းကာလတွေမှာ ထောင်ပြောင်းရွှေ့တာတွေ လုပ်နေတယ်။ ပြီးရင် နိုင်ငံရေး အကျဉ်းသူ၊အကျဉ်းသားတွေကို တိုက်ပိတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ လုပ်နေတယ်လို့ ကျွန်မတို့ ကြားသိရပါတယ်။
မေး။ ။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒိုက်ဦးထောင်ရဲ့အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိမှာ ဒိုက်ဦးထောင်ကတော့ မနှစ်ကလည်း ဖြစ်စဉ်တစ်ခု ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသား တွေကို ခေါ်ထုတ်၊သတ်ဖြတ်တာတို့ပေါ့။ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အနေအထားမှာ ဒီဒိုက်ဦးထောင်က ပြောရမယ်ဆိုရင် ဆေးဝါးကုသမှု မရတာမျိုးတွေ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ၊ ပြီးရင် ဒဏ်ရာရနိုင်ငံရေး အကျဉ်းသူ၊အကျဉ်းသားတွေက ဆေးဝါးကုသမှုမရတာတွေ၊ ပြစ်ဒဏ်တိုက်ထဲမှာ ထည့်ထားတာတွေ၊ လူသူဝေးလံတဲ့ နေရာဖြစ်တဲ့အတွက် စားဝတ်နေရေးက အရမ်းခက်ခဲနေတဲ့နေရာမျိုး ဖြစ်နေပါတယ်။
မေး။ ။ ဒိုက်ဦးထောင်ကို ထောင်ပြောင်းခံရတဲ့ အမျိုးသမီးအကျဉ်းသူတွေ ဘယ်လိုဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရပါလဲ။
ဖြေ။ ။ လက်ရှိမှာ ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ တခြားအမှုတွေနဲ့ပါ သူတို့ပုဒ်မတွေတပ်ပြီးတော့ တရားရင်ဆိုင် ခိုင်းတာတွေရှိတယ်။ ပြီးတော့ ခြိမ်းခြောက်မှုတွေ၊ ရိုက်နှက်မှုတွေ၊ ဒဏ်ရာရ နိုင်ငံရေးအကျဉ်းသူတွေကို ဆေးဝါးကုသမှုမပေးဘဲ တိုက်ပိတ်တာမျိုးတွေ ကြုံနေရပါတယ်။
မေး။ ။ စစ်ကောင်စီလက်အောက် အကျဉ်းထောင်တွေမှာ အကျဉ်းသား၊ အကျဉ်းသူတွေကို ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့လက်ပါးစေ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ လက်ရှိမှာ ဆေးဝါးနဲ့ပတ်သက်ရင် ဒါကတော့ ပြည်သူတရပ်လုံး သိတယ်ပေါ့။ ထောင်ထဲရောက်ရင် စားဝတ်နေရေး၊ ကျန်းမာရေးကအစ အရမ်းချို့တဲ့တဲ့ ရတဲ့ အနေအထားမျိုးပေါ့နော်။
အဲဒီလိုမျိုးတွေတောင်မှ လက်ရှိမှာ ခေတ်နဲ့အညီ ပွင့်လင်းမှု ရှိလာတဲ့ ခေတ်ရေစီးကြောင်းထဲတောင်မှ ဒိုက်ဦးထောင်အပါအဝင် ထောင်တိုင်း ထောင်တိုင်းမှာ ကျင့်သုံးနေတာက ဆေးဝါးတွေကို၊ expire date ကုန်တဲ့ ဆေးဝါးတွေကို နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေကို တိုက်တယ်။ အရေးပေါ်ဖြစ်လာရင်တောင်မှ ဆေးဝါး ကုသမှု ကြန့်ကြာတယ်။
လူ့အသက်ကို တန်ဖိုးမထားမှုမျိုးတွေနဲ့ သူတို့ဟာအုပ်ချုပ်နေတယ်။ ဆေးဝါးကုသမှုမှာလည်း သဘောမှာ အစာအိမ် ဖြစ်တယ်ဆိုလည်း ပါရာစီတမော့၊ ကြီးကြီးမားမား ရောဂါဖြစ်ရင်လည်း ပိုးသတ်ဆေးတွေကို တိုက်တယ်။ ဒီတစ်မျိုးကိုပဲ ထိုးပြီးတော့ ကုသမှုတွေ လုပ်နေတယ်။
မေး။ ။ စစ်ကောင်စီရဲ့အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသူတွေအပေါ် နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသူတွေအပေါ် နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်တဲ့အပေါ် သိသိသာသာပေါ့။ အရင်ကဆို မသိမသာ သူတို့ရဲ့ ယုတ်မာမှုတွေကို ဖုံးလွှမ်းပြီးတော့ လုပ်ဆောင်ကြတာပေါ့။ အခုဆိုရင်တော့ ပေါ်ပေါ်ထင်ထင် လက်ရဲဇက်ရဲ လုပ်လာတဲ့ အနေအထားမျိုး ရှိတယ်ပေါ့။
ကျွန်မတို့မြန်မာနိုင်ငံကို မိခင်မြေလို့တင်စားကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ ကလေးတွေ အမျိုးသမီးတွေ ပြောရမယ်ဆိုရင် အမျိုးသမီးလေးတွေကို စစ်ကောင်စီတပ်သည် မလေးစားတဲ့အပြင် မုဒိမ်းမှုတွေ ကျုးလွန်တယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ အားနွဲ့တဲ့အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တယ်။ ပြီးရင် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေဆိုတာ အပ်တိုတစ်ချောင်းတောင် ကိုင်ပိုင်ခွင့် မရှိပါဘူး။ သူတို့ အကျဉ်းဦးစီးမှာပေါ့နော်။
ဒီလိုမျိုး အပ်တိုတစ်ချောင်းတောင် ကိုင်ခွင့်မရှိတဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို ယောကျာ်းထုတွေ အင်အား အလုံးအရင်းနဲ့ သူတို့သည် ယူနီဖောင်းချွတ်လိုက်ရင်လည်း လူပဲလေ။ သာမန်လူပဲ။ အဲဒီလိုယောကျာ်း ရင့်မာကြီးတွေက ဘာဖြစ်လို့ ရိုက်နှက်မှုတွေ လုပ်ဆောင်ရတာလဲ။ အရမ်းအောက်တန်းကျတဲ့ လုပ်ရပ်လို့ပဲ ကျွန်မတို့က မြင်ပါတယ်ပေါ့နော်။
မေး။ ။ အခုနောက်ပိုင်း အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်နဲ့ ဧည့်တွေ့ခွင့် ကန့်သတ်လိုက်တာကြောင့် ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေကြရလဲ။
ဖြေ။ ။ ထောင်ဝင်စာ ကန့်သတ်လိုက်တဲ့ အနေအထားမျိုးမှာတော့ ပြောရမယ်ဆိုရင် သူတို့တွေသည် စစ်မှုထမ်း ဥပဒေ ထုတ်လိုက်တာတောင်မှ မိသားစုဝင်တွေဆိုရင် အရင်ကထက် ပါဆယ်ပို့ခွင့် ခက်ခဲသွားတယ်။ ပြီးရင် နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေရဲ့ မိသားစုဝင်တွေမှာလည်း ဘာပဲပြောပြော ရုန်းကန်ရတာတွေ ရှိတယ် ပေါ့နော်။ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရတယ်။
အထဲမှာလည်း ခက်ခဲမှုတွေ ရင်ဆိုင်ရတယ်။ အပြင်မှာလည်း နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေရဲ့ မိသားစုတွေ အပါအဝင် ပြည်သူတရပ်လုံး ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ ကာလလည်းဖြစ်တယ်။ အပြင်မှာရှိတဲ့ မိသားစုဝင်တွေလည်း ပြည်သူတွေလည်း ရုန်းကန်နေရသလို စားဝတ်နေရေး ကျပ်တည်းသလို အထဲမှာ ပိုပြီးတော့ ခက်ခဲလာတယ်။ ဥပမာဆိုရင် ပါဆယ်တစ်ယောက်လာရင် လူခုနှစ်ဦး၊ ရှစ်ဦးက မျှစားတဲ့ အနေအထားမျိုး ကြုံနေရပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။