“စစ်အုပ်စုရဲ့ ကုမ္မဏီအများစု၊ မင်းအောင်လှိုင်မိသားစုနဲ့ပက်သက်တဲ့ အပြည်ပြည်ဆိုင်ရာမှာထားတဲ့ ငွေကြေးတွေ ဒါတွေကိုရပ်တန့်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ရပ်တန့်မှသာ စစ်အုပ်စုဆီသွားနေတဲ့လောင်စာတွေ ရပ်မှာဖြစ်တယ်” – ဦးမောင်မောင် (CTUM – ဥက္ကဌ)

0
80
Photo - CTUM

ILO က စစ်ကောင်စီကို ILO အခြေခံ ဥပဒေ – ၃၃ အရ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌဦးမောင်မောင်နှင့် ဆက်သွယ်မေးမြန်းချက်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ၃၅၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ၏ အုပ်ချုပ်မှုကော်မတီအစည်းအဝေးတွင် စစ်ကောင်စီကို ILO အခြေခံ ဥပဒေ – ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါသည်။ ညီလာခံဆုံးဖြတ်ချက်က အတည်ဖြစ်ပေမယ့် ယခုကော်မတီ အစည်းအဝေးတွင် အရေးယူရန် ဆုံးဖြတ်ချက် ချဦးမည်မဟုတ်ဘဲ ၂၀၂၅ ခုနှစ် ဇွန်လကျမှသာ အရေးယူသွားရန် စီစဉ်ခြင်းဖြစ်သည်။

ယခုလိုမျိုး ILO က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် လုပ်ဆောင်နေသော စစ်ကောင်စီအပေါ် အရေးယူရန်ဆုံးဖြတ်လာတာ ဘာကြောင့်ပါလဲ။ ယခုလိုဆုံးဖြတ်ချက်သာ ချမှတ်အကောင်အထည်ဖော်ခဲ့ပါက စစ်ကောင်စီအနေနှင့် ဘယ်လိုအထိနာနိုင်ပါလဲ။

လက်ရှိတွင်လည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုက ဘယ်လောက်အထိ ရှိနေပါလဲ။ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ဆက်သွယ်မေးမြန်းချက် အပိုင်း (၁) နှင့် အပိုင်း (၂) ကို စုစည်းဖော်ပြပေးလိုက်ပါသည်။

မေး။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားတွေမှာ ဘယ်လောက်အထိ အခွင့်အရေးချိုးဖောက်ခံနေရတာမျိုးတွေ ရှိနေပါလဲ။

ဖြေ။ ။ ဘယ်လောက်ထိချိုးဖောက်လဲဆို စစ်ကောင်စီက အာဏာလုလိုက်တဲ့အတွက် ဒီမိုကရေစီကျတဲ့ အစိုးရအောက်မှာ မရှိဘူး။ စစ်အုပ်ချုပ်ရေးတွေထုတ်တဲ့အတွက် လွတ်လပ်စွာအသင်းဖွဲ့စည်းခြင်းတွေ မရှိတော့ဘူး။ မရှိတဲ့အတွက် စစ်အုပ်ချုပ်ရေးအောက်မှာ သမဂ္ဂတွေ မရှိရဘူး။ မင်းတို့သမဂ္ဂတွေ ဘာလာ ပြောတာလဲဆိုပြီးတော့ ဖြစ်လာမှာ။ ဒါအလုပ်သမားအခွင့်အရေး ချိုးဖောက်တာလို့ ကျွန်တော်ပြောချင်ပါတယ်။

CDM ဝန်ထမ်းကိုအလုပ်ထုတ်လိုက်တာ ဒါအလုပ်သမားအခွင့်အရေး ချိုးဖောက်တာ။ CDM ဝန်ထမ်း အနည်းဆုံး အစိုးရဝန်ထမ်းတွေကိုဗျာ လုပ်သက်အနည်းဆုံး ၁၅ နှစ်ရှိတဲ့ ဝန်ထမ်းတွေကို ထုတ်လိုက်တယ်။ အလုပ်ထုတ် လိုက်တာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ အာဏာသိမ်းတဲ့အချိန်အထိ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေးဆိုတာကို ချိုးဖောက်တယ်။

နံပါတ် ၂ က CDM တွေကို အလုပ်ဖြုတ်တဲ့ကိစ္စ CDM တွေကို အလုပ်ဖြုတ်တယ်။ မောင်းချတယ်။ CDM တွေရဲ့ နိုင်ငံရေးလွတ်လပ်ပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်။ ညဆိုင်း အလုပ်မဆင်းမနေရကိစ္စ အငြင်းပွားမှုဆိုလည်း တဖက်သတ်အနိုင်ပေးတဲ့ကိစ္စ အလုပ်ကခေါင်းဆောင်တွေက လိုက်နှောင့်ယှက်နေတဲ့ကိစ္စ ဒါတွေအားလုံးကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။ စစ်တပ်က စစ်တပ်ထဲမဝင်မနေရ အမိန့်ထုတ်တာ ချိုးဖောက်တာဖြစ်တယ်။ အဲဒါတွေအားလုံးသည် အခြေခံအလုပ်သမားအခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်။

မေး။ ။ ILO က စစ်ကောင်စီကို အရေးယူမယ့် Article 33 ဆိုတာ ဘယ်လောက် အရေးပါပါလဲ။ အဲဒီ အရေးယူမယ့် အစီအစဉ်က စစ်ကောင်စီကို ဘယ်လောက်ထိခိုက်နိုင်လဲ။

ဖြေ။ ။ ၁၉၉၈ – ၉၉ ကလေးစစ်သားတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းတဲ့ကိစ္စလည်း အခြေခံ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ လုပ်အားချိုးဖောက်မှုအဖြစ် ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ တားမြစ်ချက်ကို ချိုးဖောက်တဲ့အတွက် ကမ္ဘာအလုပ်သမားအဖွဲ့ရဲ့ အခြေခံဥပဒေပုဒ်မ 33 အရ အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။ ရှက်စရာတော့ ကောင်းပါတယ်။ ကမ္ဘာကသိတဲ့အတွက် စစ်တပ်က ဒီလိုကျုးလွန်တာ ကမ္ဘာကသိတဲ့ အတွက် ရှက်ဖို့ကောင်းပါတယ်။ အရေးယူမယ်ဆို လူတွေက ပြောကြတယ်။ စီးပွားရေးပျက်မယ်တို့ လျှောက်ပြော နေတယ်။

ကမ္ဘာအလုပ်သမားအဖွဲ့ရဲ့ အခြေခံဥပဒေပုဒ်မ 33 အရဆို လိုက်နာမှုမရှိတဲ့ အစဉ်တစိုက်ကျူးလွန်နေတဲ့ သူတွေနဲ့ မပက်သက်ဖို့ ပြောမှာဖြစ်တယ်။ ကမ္ဘာအလုပ်သမားအဖွဲ့သည် တခြားအဖွဲ့တွေနဲ့ဘာကွာလဲဆို သူသည် သုံးပွင့်ဆိုင်ယန္တရား ဖြစ်ပါတယ်။ အစိုးရရော အလုပ်ရှင်ရော အလုပ်သမားရောပါတဲ့ ယန္တရားဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာကလာပြီး အလုပ်တွေလုပ်နေတဲ့သူတွေက ဒီလိုချိုးဖောက်တဲ့လူတွေနဲ့ တွဲခြင်းအားဖြင့် ညစ်ညမ်းတဲ့အဆိပ်ပင် ဖြစ်တယ်။

သူတို့ရဲ့အမှတ်တံဆိပ်တွေက တစ်ကမ္ဘာလုံးမှာ ရောင်းတာဖြစ်တဲ့အတွက်ကြောင့် ဥရောပမှာရောင်းတာဖြစ်ဖြစ် သူတို့ရောင်းတာကို မဝယ်တော့ဘူးဆိုရင် သူတို့ရဲ့ဆုံးရှုံးမှုသည် စစ်အုပ်ချုပ်နဲ့တွဲလုပ်တဲ့ အကျိုးမြတ်ထက်များမှာ ဖြစ်တဲ့အတွက် အားလုံးနောက်ပြန်ဆုတ်သွားနိုင်တယ်ဆိုတာ တင်ပြချင်တယ်။ တော်လှန်ရေးမှာလုပ်တဲ့ အဖွဲ့တွေရဲ့ ဦးဆောင်လုပ်နေသူတွေထဲမှာ ဆုံးဖြတ်ချက်တွေရှိပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေး စီးမျောမှုကို အဲဒီအကြောင်းကို Article 33 နဲ့ တင်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တစိုက်မတ်မတ် ကျူးလွန်တဲ့သူတွေကို သက်သေအထောက်အထားနဲ့ အပြည်ပြည်ဆိုင်ရာကတဆင့် ခုံရုံးတင်မှာ တရားရုံးတွေမှာ အပြစ်ပေး အရေးယူဖို့ကိစ္စကို ကြိုးစားလို့ရပါတယ်ဆိုတာကို ကျွန်တော်တင်ပြချင်ပါတယ်။

မေး။ ။ စစ်အုပ်စုတွေ ဘယ်လောက် အထိနာနိုင်ပါလဲ။

ဖြေ။ ။ အလုပ်ရှင်အလုပ်သမားအဖွဲ့ပါတဲ့ ကုလသမဂ္ဂရဲ့အဖွဲ့တစ်ခုကနေ စစ်အုပ်ချုပ်မှုပေါ်မှာ အရေးယူတယ်။ ဆန်ဈေးကြီးလို့ ဆန်ကုန်သည်တွေကိုဖမ်းတဲ့ကိစ္စ ရွှေဈေးကြီးလို့ ရွေကုန်သည်တွေကိုဖမ်းတဲ့ကိစ္စ စားသောက်ဆိုင် တွေကိုဖမ်းတဲ့ကိစ္စ ဘာပဲဖြစ်ဖြစ် PDF တွေ ကူတယ်၊ ထောက်ပို့လုပ်တယ်ဆိုပြီး သက်သေမပြဘဲ ဟိုတယ်ပိုင်ရှင် တွေကို ဖမ်းတဲ့ကိစ္စ၊ ဓာတ်ဆီဆိုင်တွေ ပိတ်တာ၊ ဒါတွေအားလုံးက စစ်အုပ်စုကနေ မတရားလုပ်တဲ့ကိစ္စကို တင်ပြ မှာပါ။ စစ်အုပ်စုရဲ့ ကုမ္မဏီအများစု၊ မင်းအောင်လှိုင် မိသားစုနဲ့ပက်သက်တဲ့ အပြည်ပြည်ဆိုင်ရာမှာ ထားတဲ့ငွေကြေးတွေ ဒါတွေကို ရပ်တန့်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။

ရပ်တန့်မှသာ စစ်အုပ်စုဆီသွားနေတဲ့ လောင်စာတွေ ရပ်မှာဖြစ်တယ်။ ကျွန်တော်တို့အတွက်အားရှိစေတာက အမေရိကန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့က ထုတ်ထားတဲ့ စစ်အုပ်စုရဲ့ဘဏ်တွေကို ပိတ်ဆို့ထားတာကို ကျွန်တော်တို့က အားဖြည့်ပြီး ပိတ်ဆို့မှာ ဖြစ်ပါတယ်။ ရှိပြီးသား ဥပဒေကို ထပ်ဖြည့်ပြီးတော့ ILO ရဲ့ ဆုံးဖြတ်ချက်နဲ့ အားဖြည့်မှာ ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ ရောင်းဝယ်မှုလုပ်တဲ့ မတရား ရရှိထားတဲ့ငွေတွေကနေ အသုံးပြုတဲ့ဟာတွေကို ကျွန်တော်တို့ ပိတ်ဆို့ဖို့ ဆက်ကြိုးစားမှာ ဖြစ်တယ်လို့ တင်ပြချင်ပါတယ်။

မေး။ ။ Article 33 ကို အတည်ပြုလိုက်ပေမယ့် ၂၀၂၅ နှစ်လယ်ပိုင်းလောက်မှသာ ဆုံးဖြတ်ကြမယ်ဆိုတော့ အချိန်ကွာခြားချက်ရှိတဲ့ အနေအထားမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။

ဖြေ။ ။ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်မှာ အုပ်ချုပ်မှုကော်မတီဆိုတာ ရှိပါတယ်။ တစ်နှစ်မှာ သုံးကြိမ် အစည်းအဝေး လုပ်ပါတယ်။ အခုနိုဝင်ဘာလ အစည်းအဝေးပြီးသွားတဲ့အခါမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ ILO ရဲ့ ညွှန်ချုပ်ပေါ့ဗျာ။ အမြင့်ဆုံးတာဝန်ရှိတဲ့ အလုပ်သမားပေါ့။ ညွှန်ချုပ်ဆိုတာလည်း အလုပ်သမားပါပဲ။ ဦးဆောင် အုပ်ချုပ်မှုကော်မတီက ညွှန်ချုပ်ကို လာမယ့်၂၀၂၅ ညီလာခံပေါ့။ ညီလာခံမှာ Article 33 အရ အရေးယူဖို့ စာကြမ်း ရေးဖို့ အရေးယူဖို့ ပြောလိုက်ပါပြီ။ ဆိုတော့ အဲဒီ Article 33 က စစ်အုပ်စုအပေါ်မှာ သက်ရောက်မှုရှိမှာ ကျိန်းသေပါ။ လာမယ့်မတ်လ အစည်းအဝေးမှာ စစ်အုပ်စုသည် ဒီကြားထဲမှာ ပြုပြင်ပြောင်းလဲမှု လုပ်သလား၊ မလုပ်ဘူးလား။ ပါးစပ်နဲ့ပြောလို့ မရပါဘူး။

တကယ့်မြေပြင်မှာ ရပ်လိုက်ရမယ့်ကိစ္စတွေ မရပ်ဘဲ ဆက်ကျူးလွန် နေရင်တော့ ပြင်းထန်တဲ့အရေးယူမှု ပါလာမှာပါ။ ဘယ်ဟာတွေတော့ လုပ်လို့ရတယ်။ ဘယ်ဟာတွေတော့ မသင့်ဘူး။ ဘယ်ဟာက ပြည်သူကို ထိခိုက်တယ်ဆိုတာ မတ်လကျရင် ဆွေးနွေးမှာပါ။ သူ့ရဲ့ပွဲစား တရုတ်တို့ ရုရှားတို့ကလည်း ဒီနိုဝင်ဘာမှာ ဝိုင်းပြီးပြောပါတယ်။ စစ်အုပ်စုက ကျူးလွန်တာများလွန်းတော့ သူတို့လည်းကာလို့ မရဘူး။ လာမယ့် မတ်လမှာလည်း ကာမယ်လို့ မျှော်လင့်ထားပြီးသားပါ။ စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတင်းဆွဲသွင်းလို့ ၃ လ သင်တန်းဆင်းပြီး ထွက်ပြေးလာတဲ့သူတွေက တော်တော်များတယ်။ ကျွန်တော်တို့လည်း ကိုယ်တိုင်တွေ့ထား ပါတယ်။ ကိုယ်တိုင်လည်း စကားပြောဖူးပါတယ်။ ဘယ်လိုပါသွားတာလဲဆိုတာ မေးထားပါတယ်။

ကျွန်တော်တို့ တင်ပြမှာပါ။ လျှို့ဝှက်ထားတာ မရှိဘူး။ စစ်အုပ်စုက လုပ်တာကို ပြည်တွင်းက ပြောလို့မရလို့ အပြည်ပြည်ဆိုင်ရာမှာ ပြောနေခြင်းဖြစ်ပါတယ်။ ဒါတွေကို တင်ပြမယ်။ တရုတ်၊ ရုရှားကလည်း ငြင်းမယ်။ ကျွန်တော်တို့ကလည်း ဆက်တင်ပြမယ်။ Article 33 က အခုကျပြီဆိုတော့ ညွှန်ချုပ်က စာရေးရမယ်ဆိုတာ ဖြစ်လာပြီ။ လာမယ့်ဇွန်လမှာ အတည်ပြုမှာဖြစ်တယ်။ ဒီကြားထဲမှာ ကျိန်းသေတယ်။ ကုမ္မဏီ အတော်များများ သည် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုတွေကို ပြန်ထုတ်သွားမှာ။ စစ်အုပ်စုကို ဖိအားပေး၊ အရေးယူမှုတွေ ရှိလာရင် ဆက်ပြီးထွက်သွားမယ့် ကုမ္ပဏီတွေ ရှိလာမယ်။

မေး။ ။ အခုလတ်တလောမှာ နိုင်ငံတကာကုမ္ပဏီတွေက မြန်မာနိုင်ငံထဲကထွက်သွားမှာကို စိုးရိမ်နေကြတာတွေလည်း ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာပြောချင်ပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတော့ ပိတ်သွားတဲ့ကုမ္မဏီတွေလည်း ရှိမယ်။ ထမင်းငတ် သွားမယ့် ကုမ္မဏီတွေလည်းရှိမယ်။ ကျွန်တော်တို့ကို ဆဲဆိုလို့လည်း ရပါတယ်။ ပြီးခဲ့တဲ့ သက်တမ်းတုန်းက ကြည့်ပါ။ သူနေ့စဉ်သုံးတဲ့ ကုန်ကျမှု မလုပ်နိုင်တဲ့အတွက် ပြီးတော့ သူ့အပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိမယ်ဆိုတာ အားလုံးလက်ခံပေးရမှာပါ။ သေချာ စာဖတ်ပါ။ ကျွန်တော်တို့ မှားတယ်ဆို ပြန်ပြောပါ။ စစ်အုပ်စု မြှောက်ပေးလို့ မပြောပါနဲ့။ ကျွန်တော်ပြောချင်တာက အားလုံးလေ့လာပါ။ Article 33 သည် စက်မှုကုန်ထုတ်က လူတွေအတွက်ပဲ မဟုတ်ပါဘူး။ CDM လုပ်ခဲ့သူ ၄ သိန်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုတွေ ရှိပါတယ်။

ဒါ့အပြင် CDM မဟုတ်ဘဲ မောင်းထုတ်လိုက်လို့ လယ်သမား လယ်စိုက်လို့ မရတော့ဘူး။ လယ်ထွက်ပစ္စည်းကို ရောင်းတဲ့သူသည် လုပ်ငန်းပြတ်သွားပြီ။ အဲဒါတွေက စီးပွားရေးပျက်နေတာ ကျွန်တော်တို့ စီးပွားရေးပိတ်ဆို့မှု ဆိုတာ ပြောနေတုန်းပဲ ရှိသေးတယ်။ နိုင်ငံက စီးပွားရေးက ပျက်နေပါပြီ။ ဆန်စပါး၊ လောင်စာ၊ ရွှေအကုန် အရောင်းအဝယ် မရတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း ကျန်နေတာတော့ ပုံစံမကျဘူး ထင်တယ်။ ဒါကိုတော့ ကျွန်တော်ပြောချင်ပါတယ်။ တော်လှန်ရေးကာလ ကျွန်တော်တို့လုပ်နေတာက စနစ်ပြောင်းဖို့ လုပ်နေတာ။ အာဏာနဲ့ လက်နက်ကိုင်ပြီးတော့ အမြဲတမ်းအနိုင်ယူတာကို ကျွန်တော်တို့က မရှိအောင်လုပ်တာ။

ကျင့်စဉ်အရ အလုပ်သမားသမဂ္ဂတွေ ရှိမယ်။ အလုပ်သမားအခွင့်အရေးတွေ တောင်းလို့ရမယ်။ အခု လခ တိုးတောင်းရင် စစ်တပ်က ဆူပူတယ်ဆိုပြီး သေနတ်နဲ့ပစ်မယ်။ အဲဒါတွေ မရှိအောင်လုပ်မယ်။ စစ်တပ် အာဏာသိမ်းတဲ့ အချိန်နဲ့ စစ်မှုထမ်းအမိန့်ကြောင့် ပြည်တွင်းကနေ ထွက်ပြေးလာတဲ့လူငယ် ၇ သောင်းကျော်၊ အခုဆို ၈ သောင်းကျော် သွားပါပြီ။ ထွက်လာတဲ့သူတွေထဲမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ပဲခူး စက်မှုဇုန်က စတာ တွေပါတယ်။ ကျွန်တော်တို့ တိုက်နေတာသည် စနစ်ပြောင်းတော်လှန်ရေး ဖြစ်တယ်။ အရင်က CDM လုပ် အလုပ် ထွက်ခွာခဲ့တဲ့ သူတွေနဲ့ သူတို့ရဲ့မိသားစုအတွက်လည်း ပါတယ်။ အလုပ်တွေသိမ်းခံရလို့ စားသောက်ကုန်လုပ်ငန်း တွေ အရပ်ခံရတဲ့ကိစ္စတွေဖြစ်တဲ့ အလုပ်ရှင်တွေအတွက်လည်း ပါတယ်ဆိုတာ ကျွန်တော်ပြောချင် ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီကို ILO က အရေးယူတော့မယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး ဦးမောင်မောင်အနေနဲ့ ဖြည့်စွက်ချင်တာရှိရင် ပြောပေးပါ။

ဖြေ။ ။ ကျွန်တော် တင်ပြသလိုပါပဲ။ အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဆိုတာက အပြည်ပြည် ဆိုင်ရာကို လိုက်နာရမယ့် ကျွန်တော်တို့နိုင်ငံက လက်မှတ်ထိုးထားပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု ဆိုတဲ့ယန္တရား မရှိတော့ပါဘူး။ ရှိပါတယ်လို့ စစ်အစိုးရက လူတွေပြောတာရှိမှာပါ။ ကျွန်တော် ဒါကို အငြင်းမပွား ပါဘူး။ ဟုတ်ပါတယ်။ ခင်ဗျားတို့ လုပ်လို့ရသလောက် လုပ်ကြပါ။ တကယ်ပဲ ပွင့်ပွင့်လင်းလင်း ဆန္ဒထုတ်ဖော်ပြီး တောင်းလို့ရသလား။ အလုပ်သမားအရေး လုပ်တဲ့သူတွေကို တင်ပြတာပါ။ ဒါကြောင့် ဖိအားပေးဖို့ လိုပါတယ်။ နောက်ထပ်တခါ ထပ်လုပ်လို့မရအောင် စနစ်ပြောင်းဖို့ အားလုံးပါဝင် လုပ်ဆောင်ကြပါလို့။ တခြားမလုပ်ခိုင်းပါဘူး သတင်းအမှန်ကိုပဲ ကျွန်တော်တို့ကို ပို့ပေးပါ။ အလုပ်ရှင်တွေလည်း ပါပါတယ်။ အဖြစ်အပျက် အနေအထား အမှန်ကိုတင်ပြဖို့ အလုပ်ရှင်တွေကိုလည်း ကျွန်တော်မှာကြားလိုပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here