“စစ်ကောင်စီရဲ့ယုတ်မာမှုတွေက နိုင်ငံတကာမှာ မှတ်တမ်းတွေအများကြီး ဖြစ်သွားတာပေါ့။ အဓိက ကတော့ ပြည်သူတွေကပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ကြိုးပမ်းရမှာပါ။ နိုင်ငံတကာကို အများကြီးအားကိုးလို့ မရပါဘူး” ဦးဖေသန်း/ နိုင်ငံရေး၊ စစ်ရေးလေ့လာသူနှင့် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း

0
95
ပုံစာ - ဦးဖေသန်း/ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ

ရခိုင်တိုက်ပွဲတစ်နှစ်ပြည့်နှင့် လာမည့်နှစ်အတွင်း ရခိုင်ပြည် စစ်ရေး၊ နိုင်ငံရေး အလားအလာနှင့်ပတ်သက်ပြီး နိုင်ငံရေး၊ စစ်ရေးလေ့လာသူလည်းဖြစ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တကျော့ပြန် တိုက်ပွဲများသည် ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် “၁” နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

တစ်နှစ်တာကာလအတွင်း အာရက္ခတပ်တော် (AA) သည် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင်လည်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများလည်း ပြင်းထန်လျက် ရှိနေသည်။

ရခိုင်ပြည် စစ်ရေးတိုက်ပွဲ တစ်နှစ်တာအတွင်း AA ၏ စစ်ရေးလှုပ်ရှားမှုများ၊ လာမည့်နှစ်အတွင်း ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေး အလားအလာတို့နှင့် ပတ်သတ်ပြီး နိုင်ငံရေး၊ စစ်ရေးလေ့လာသူလည်းဖြစ် မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ရခိုင်စစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်ပေးပါ။

ဖြေ။ ။ ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်တာကတော့ ဒီနေ့ဆို တစ်နှစ်ပြည့်ပြီးပေါ့နော်။ အခုလိုအခြေအနေ မျိုးမှာ အာရက္ခတပ်တော်ရဲ့ တိုက်စစ်အားကောင်းချက်က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ၁၁ မြို့နယ် သိမ်းပိုက်ထားတယ်။ နောက်ပြီးတော့ ဗျူဟာကုန်းတွေ၊ နယ်ခြားစောင့်စခန်းတွေ တခြားကင်းစခန်းတွေ ရာချီပြီး သိမ်းထားတယ်။ အခုဆိုရင် အပြင်းအထန်ဖြစ်နေတာက မောင်တော နခခ (၅) ရယ် ဂွမြို့၊ တောင်ကုတ်ရယ်၊ အမ်း နပခဌာနချုပ် အဲဒါတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ကျန်တဲ့မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူ ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားတယ်။

ခြုံပြောရရင်တော့ တစ်နှစ်တာ ကာလအတွင်းမှာ အာရက္ခတပ်တော်က တကယ့်ကို ထိထိမိမိပိုင်ပိုင်နိုင်နိုင်နဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိတယ်။ စစ်ကောင်စီဘက်က ပြန်မသိမ်းနိုင်အောင် AA အနေနဲ့ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတွေ၊ အုပ်ချုပ်ရေးတွေ အစပေါ့၊ အကုန်လုံး အဆင်ပြေအောင် လုပ်ထားနိုင်တယ် ပေါ့။ ULA/AA ရဲ့ စွမ်းဆောင်ရည်ဟာ တစ်နှစ်အတွင်းမှာ ကျနော်တို့ မှန်းထားတာထက် ပိုပြီးတော့လုပ်နိုင်တယ်။ အထူးသဖြင့် AA ရဲ့ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်တာကို မခံနိုင်တော့ တစ်နှစ်အတွင်းမှာ AA ရဲ့ အောင်ပွဲက တော်တော်ကြီးတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်နဲ့အမ်းက စစ်ရေးအတွက် ဘယ်လောက်ထိအရေးပါတယ်လို့ ပြောနိုင်လဲ။

ဖြေ။ ။ တောင်ကုတ်ကိုလည်း အပြင်းအထန် တိုက်နေပြီ။ မြို့အစွန်ကိုတောင် ရောက်နေပြီလို့သိရတယ်။ အမ်းနဲ့တောင်ကုတ်က ရခိုင်ပြည်အတွက် အရေးကြီးတယ်ပေါ့နော်။ အမ်း – ပဒါန်းလမ်းနဲ့ တောင်ကုတ် -ပန်းတောင်းလမ်းပေါ့။ ဒါတွေက ပြည်မနဲ့ ဆက်သွယ်ထားတဲ့လမ်းတွေဆိုတော့ ကုန်စည်စီးဆင်းမှုအရ အရေးပါ တယ်။ စစ်ကောင်စီဘက်က ပြန်တိုက်မယ်ဆိုလည်း ဒီလမ်းတွေကပဲ လာနိုင်တော့ ဖြတ်တောက်ထားဖို့လိုမယ်။

ဒီတော့ စစ်ရေးအရလည်း အရေးပါပါတယ်။ နောက်ပြီးတော့ ပြည်မဘက်ကို စစ်မျက်နှာဖွင့်မယ်ဆိုရင်လည်း ဒီလမ်းတွေကိုပဲ အသုံးပြုရမှာ ဖြစ်တဲ့အတွက် အရေးပါတယ်။ ဧရာဝတီနဲ့ ရခိုင်ရိုးမရဲ့ကြား မြေပြန့်မှာ စစ်ကောင်စီ ရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့နေရာ ကပစစက်ရုံတွေ ရှိတယ်။ဒါကြောင့် စစ်ရေးအရ အရေးပါတဲ့လမ်းတွေ ဖြစ်တယ်။

မေး။ ။ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကို AA က ဘယ်အချိန်လောက်မှ ထိုးစစ်ဆင်နိုင်မလဲ။

ဖြေ။ ။ စစ်တွေကတော့ အခု ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ မောင်တောပြီးရင်တော့ တိုက်စစ်ဖွင့်မယ်လို့ ထင်တယ်။ ကျောက်ဖြူကလည်း ဒီအတိုင်းပါပဲ။ ဒီမြို့နှစ်မြို့ကတော့ သူတို့ အချိန်ဆွဲပြီး ဗျူဟာအရ တိုက်နိုင် တယ်။ ပြည်သူတွေ ထိခိုက်နာကျင်မှု တော်တော်များနိုင်တဲမြို့တွေ ဖြစ်တယ်။ ပင်လယ်နဲ့လည်း နီးကပ်နေတော့ လက်နက်ကြီးတွေနဲ့လည်း အချိန်မရွေး ဖျက်ဆီးလို့ရတယ်။ ပင်လယ်ထွက်ပေါက်ရှိတဲ့အတွက် ပစ်ကူတွေလည်း ပေးနိုင်တယ်။ ဒါကြောင့် ဒီမြို့တွေကို အချိန်ယူပြီး တိုက်နိုင်တာပေါ့။

မေး။ ။ လာမယ့်နှစ်မှာ ရခိုင်ပြည်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအလားအလာ ဘယ်လို ရှိလာနိုင်မလဲ။

ဖြေ။ ။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်နှစ် ၂၀၂၅ မှာ အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက် ပြည့်သွားလိမ့် မယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီလိုဖြစ်သွားရင် နိုင်ငံရေးအားဖြင့် အာရက္ခတပ်တော်နဲ့ ULA အဖွဲ့အစည်းက ဘယ်လိုပုံဖော်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားတယ်။ စောင့်ကြည့်နေတာပေါ့။

မေး။ ။ ကျောက်ဖြူမှာက တရုတ်အကျိုးစီးပွားတွေရှိနေတော့ အဲဒီအပေါ်မှာ AA က ဘယ်လိုသဘောထားရှိတယ်လို့ သုံးသပ်မိပါလဲ။

ဖြေ။ ။ တရုတ်အကျိုးစီးပွားအပါအဝင် နိုင်ငံတကာ အကျိုးစီးပွားတွေကို အာရက္ခတပ်တော်က ကာကွယ်လိမ့် မယ်။ ရခိုင်ပြည်ထဲလာပြီး ရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့လည်း ဖိတ်ခေါ်ထားတာရှိတယ်။ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မပျက်စီးအောင်တော့ ကာကွယ်မှာပေါ့နော်။ အမှန်တော့ ကျောက်ဖြူမှ မဟုတ်ပါဘူး။

တရုတ်ရဲ့ ရေနံပိုက်လိုင်းက မြန်မာပြည်ကို ခါးကဖြတ်ပြီး ဆက်သွယ်ထားတာဆိုတော့ ဖျက်ဆီးချင်တယ်ဆိုရင် ဘယ်နေရာကဖြစ်ဖြစ် ဖောက်ခွဲဖျက်ဆီးလိုက်လို့ ရတယ်ပေါ့နော်။ AA တင်မကဘူး တခြားတော်လှန်ရေး အဖွဲ့တွေလည်း လုပ်လို့ရတယ်။ ဒါပေမယ့် ဆက်ဆံရေးအရ ဒီစီမံကိန်း တွေကို ကာကွယ်ဖို့ ပြောဆိုထားတာတွေ ရှိတယ်။ ဒါကို ဖျက်ဆီးလို့ ဘာမှအကျိုးမရှိဘူး။ အဲဒီရင်းနှီးမြှပ်နှံမှု တွေကို ကာကွယ်ခြင်းအားဖြင့် ရခိုင်ပြည် အနာဂတ်မှာ စီးပွားရေးလမ်းကြောင်းတွေ ပွင့်လာနိုင်တယ်။

မေး။ ။ တစ်နှစ်တာ စစ်ရေးကာလအတွင်းမှာ AA ရဲ့ လုပ်ဆောင်ချက်တွေကိုအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ AA က ရခိုင်ဒေသခံတွေအတွက် တကယ့်ကို အကျိုးစီးပွားတွေ ယူဆောင်ပေးလာမယ့် လာခြင်းကောင်းတဲ့ အဖွဲ့တစ်ခု ဖြစ်တယ်။ ရခိုင်ဒေသခံတွေ မျှော်လင့်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို ဖော်ဆောင်ပေးမယ်။ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးမယ့် အဖွဲ့အစည်းအဖြစ် ယုံကြည်ပါတယ်။

မေး။ ။ AA ရဲ့ စစ်ရေးရည်မှန်းချက်ပြည့်ဝဖို့ အချိန်ဘယ်လောက်လောက် ကြာနိုင်အုံးမလဲ။

ဖြေ။ ။ အတိအကျတော့ ကျနော်တို့လည်း မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် တစ်နှစ်အတွင်းမှာ မြို့ပေါင်းဆယ်ချီ ပြီးတော့ သိမ်းနိုင်တယ်ဆိုတဲ့ စွမ်းရည်နဲ့ ကျန်တဲ့မြို့တွေကိုလည်း တိုက်စစ်ဖွင့်နေတယ်။ တချို့မြို့တွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ အာရက္ခတပ်တော်ရဲ့စစ်ဦးစီးချုပ် ပြောထားတာရှိတယ်။ လာမယ့်နှစ် ၂၀၂၅ မှာ ရခိုင်ပြည်ကို လက်ဆောင်ပေးမယ်ဆိုပြီး ပြောထားတာရှိတယ်။ ပြည်သူတွေအတွက် မျှော်လင့်ချက်ပေါ့။ လာမယ့်နှစ်မှာ စစ်ရေးရည်မှန်းချက် ပြည့်နိုင်လိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်။

မေး။ ။ တစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှုတွေက အာရက္ခတပ်တော်ကို ထိတယ်ဆိုတာထက် ပြည်သူတွေကို ထိတာများပါတယ်။ စစ်ကောင်စီကလည်း ပြည်သူတွေနေတဲ့ နေရာတွေဖြစ်တဲ့ ဈေးတွေ၊ ကျောင်းတွေ၊ လမ်းတွေကို စစ်ရေးပစ်မှတ်ထား တိုက်နေတာ ဖြစ်တယ်။ ပြည်သူတွေကိုထိတော့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ပြောလို့ ရတယ်။ အခုလိုသာ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမယ်ဆိုရင် အာရက္ခတပ်တော်ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး။

ဒါပေမယ့် သူတို့ (စစ်ကောင်စီ) က ပြည်သူထောက်ခံမှု လုံးဝလျော့ကျသွားလိမ့်မယ်။ နိုင်ငံတကာကလည်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို မှတ်တမ်းတွေ ထင်ထားကြလိမ့်မယ်။ သူတို့က မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်သွားရင် နိုင်ငံတကာဆွေးနွေးပွဲတွေမှာ အမဲစက်တွေ ထင်သွားတာပေါ့။ စစ်ကောင်စီ အပေါ် ယုံကြည်မှုတွေလည်း ပျက်ပြားပြီး ဆွေးနွေးဖြေရှင်းနိုင်ဖို့လမ်းတွေ ပိတ်သွားမယ်။ ဒီလိုလုပ်နေတာက မလုပ်သင့်ဘူး။ ဘယ်အဖွဲ့အစည်းမဆို ပြည်သူကို ပစ်မှတ်မထားသင့်ဘူးလို့ ယူဆပါတယ်။

မေး။ ။ အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ နိုင်ငံတကာက ဘာတွေ လုပ်ဆောင်ပေးတာ တွေ့ရပါလဲ။

ဖြေ။ ။ နိုင်ငံတကာကတော့ စစ်ကောင်စီရဲ့ပြစ်မှုတွေကို စောင့်ကြည့်နေပါတယ်။ သူတို့ ရဲ့တတ်နိုင်သမျှ စီးပွားရေးဖြတ်တောက်တာ၊ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း မရောင်းအောင် တိုက်တွန်းတာတို့ လုပ်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေ မျှော်မှန်းသလောက် မစွမ်းဆောင်ပေးနိုင်ဘူးပေါ့။ ဘယ်လိုဆိုဆို စစ်ကောင်စီရဲ့ယုတ်မာမှုတွေက နိုင်ငံတကာမှာ မှတ်တမ်းတွေအများကြီး ဖြစ်သွားတာပေါ့။ အဓိက ကတော့ ပြည်သူတွေကပဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအောင် ကြိုးပမ်းရမှာပါ။ နိုင်ငံတကာကို အများကြီးအားကိုးလို့ မရပါဘူး။

မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here