ကရင်နီစစ်ရှောင်စခန်းရှိ စာသင်ကျောင်းတစ်ကျောင်း လည်ပတ်မှုအခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်များနှင့် ပတ်သက်ပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ ရောင်ခြည်ဦးကျောင်း တာဝန်ခံဆရာမနော်မိအယ်နှင့် ဆက်သွယ် မေးမြန်းချက်။
စစ်အာဏာသိမ်းခံရပြီးနောက် တိုက်ပွဲများပြင်းထန်ခဲ့သည့် ကရင်နီ (ကယား) ပြည်တွင် ဒေသခံအများစုမှာ တိုက်ပွဲများကြောင့် မိမိနေရပ်၌ နေထိုင်နိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ထိုသို့စစ်ဘေးရှောင် ထွက်ပြေးရသော်လည်း မိမိတို့ကလေးငယ်များ ပညာရေးအတွက် စစ်ရှောင်စခန်းအတွင်း၌ပင် ဖွင့်လှစ်ထားသော စာသင်ကျောင်း၌ ကလေငယ်များကို ပညာဆက်သင်ယူစေလျက်ရှိသည်။
စစ်ရှောင်ကလေးငယ်များ ပညာရေးအတွက် ဖွင့်လှစ်သင်ကြားပေးနေသော စစ်ရှောင်စာသင်ကျောင်းများတွင် ကျောင်းဆောင်များ၊ အမိုးအကာများ၊ သင်ထောက်ကူပစ္စည်းများ၊ ဖတ်စာအုပ်၊ ဗလာစာအုပ် အစရှိသည်များမှာ အလှူရှင်လာရောက် ကူညီထောက်ပံမှုနည်းပါးပြီး လိုအပ်မှုများရှိနေသည်ဟု အဆိုပါစစ်ရှောင်စာသင်ကျောင်း များမှ ဆရာ၊ ဆရာမများက ပြောဆိုပါသည်။
စစ်ဘေးရှောင်ကျောင်းသူကျောင်းသား အနည်းအများပေါ်မူတည်၍ စစ်ရှောင်စခန်းအတွင်းရှိ စာသင်ကျောင်းတိုင်း နီးပါး၌ ထိုသို့လိုအပ်မှုများ ရှိနေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ကျောင်းသူ၊ကျောင်းသားပေါင်း ၁၄၀ ကျော် ရှိသည့် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ရောင်ခြည်ဦးကျောင်း တာဝန်ခံဆရာမ နော်မိအယ် (အမည်လွှဲ) ကို စစ်ရှောင် စာသင်ကျောင်းတစ်ကျောင်း၏ လည်ပတ်မှုအခြေအနေ၊ လိုအပ်ချက်နှင့် အခက်အခဲများကို ဆက်သွယ်မေးမြန်းပြီး ဖော်ပြလိုက်ပါသည်။
မေး။ ။ လက်ရှိ ဆရာမတို့ကျောင်းက ဘယ်လိုလည်ပတ်နေတာပါလဲ။
ဖြေ။ ။ ဒီတစ်နှစ် လက်ရှိကျောင်းလည်ပတ်မှုကတော့ ဒီလိုပဲ စစချင်း ကျမတို့ကျောင်းစဖွင့်တာနဲ့ ကျောင်း ကော်မတီတွေ ဖွဲ့တယ်။ ပြီးခါကျတော့ ဆရာမတွေအတွက် ပံ့ပိုးငွေအနေနဲ့ ကျောင်းသားတွေဆီကနေ ထောက်ပံ့ ငွေပေါ့နော် အနည်းငယ် ကျမတို့စုတယ်။
ဘာဖြစ်လို့လဲဆိုရင်တော့ ကျမတို့မှာ ဒီလိုမျိုးဆရာမတွေကို ပုံမှန်ထောက်ပံ့တဲ့အဖွဲ့တွေ မရှိတဲ့ခါကြတော့ ကျမတို့ ဒီလိုမျိုး လုပ်ရခြင်း ဖြစ်တယ်။ ဒီလိုမျိုး လည်ပတ်နေတာပေါ့။ ဆရာနဲ့မိဘ စုပေါင်းပြီးတော့မှ ဒီကျောင်းဖွင့်နိုင်ရေး ကို ကျမတို့ စီစဉ်ဆောင်ရွက်ရတယ်။
မေး။ ။ ကျောင်းမှာ အဓိက ဘာတွေလိုအပ်နေတာပါလဲ။
ဖြေ။ ။ ကျောင်းရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ အဓိက စာသင်ဆောင်ပေါ့နော်။ အခု ကျမတို့က နောက်တစ်ခန်း ထပ်တိုးချဲ့တယ်။ Grade-7 ကို ထပ်တိုးချဲ့တယ်။ ထပ်တိုးချဲ့တဲ့အတွက်ကြောင့်မို့ ကျမတို့ စာသင်ခန်းတစ်ခန်း လိုအပ်တယ်။ အဲခါကြတော့ ယာယီအနေနဲ့ မိုးကာနဲ့ဝါးလေးနဲ့ ကျမတို့ ဆောက်ထားတယ်။
ပြီးခါကျတော့ ဒီတစ်နှစ်စာသင်တဲ့အခါမှာ ကျမတို့ကျောင်းသားတွေအတွက် ဘယ်လိုစိုးရိမ်မှုရှိလဲဆိုတော့ စာအုပ်တွေလည်း မလုံလောက်ဘူး။ ဘာဖြစ်လဲဆို ဒီတစ်နှစ်က ကျမတို့ကလေးတွေအတွက် စာအုပ်က ဘယ်အဖွဲ့အစည်းတစ်ခုမှလည်း လာမလှူသေးဘူးပေါ့နော်။ အလှူရှင်လည်း မရောက်ဘူးပေါ့။
ခါတိုင်းနှစ်ဆိုရင် ကျမတို့ ကျောင်းမဖွင့်ခင်ဆို ပြီးခဲ့တဲ့နှစ်တွေဆိုရင် World Vision အဖွဲ့တွေ လာထောက်ပံ့တယ်။ ကလေးတွေ စာအုပ်ကိုယ်စီကိုယ်စီ ရတာပေါ့၊ စာအုပ် စာရေးကိရိယာအစုံပေါ့။ ဒီနှစ်ခါကြတော့ ကလေးတွေက တစ်ခုမှ မရသေးဘူးပေါ့။
ကျမတို့ အရင်နှစ်က ကျောင်းစ စဖွင့်ချင်းဆိုရင် ဆရာ၊ ဆရာမသမဂ္ဂအဖွဲ့က ကျမတို့ကို ဖတ်စာအုပ်လေးတွေ ပံ့ပိုးတယ်။ ရေးစာအုပ်လေးတွေလည်း ပံ့ပိုးတယ်ပေါ့နော်။ စာရေးကိရိယာတွေ ပံ့ပိုးတယ်။ ဒီနှစ်ခါကြတော့ ပံ့ပိုးမှုတွေ တစ်ခုမှ မရှိသေးဘူးပေါ့နော်။ ကလေးတွေရဲ့ မိဘတွေရဲ့ ကိုယ်ထူကိုယ်ထနဲ့ပဲ မိဘတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ပဲ ကျမတို့ ကျောင်းဖွင့်နေကြတယ်ပေါ့နော်။
မေး။ ။ ကျောင်းသားတွေအတွက် သင်ကြားရာမှာ ဘာကိုစိုးရိမ်မှုရှိနေကြပါလဲ။
ဖြေ။ ။ ကျောင်းသားတွေအပေါ် ကျမတို့စိုးရိမ်တာက ဖတ်စာအုပ်တွေ မရှိတဲ့အတွက် ကလေးတွေကို ကျမတို့ သင်ကြားတဲ့အခါမှာ သေချာမသင်ယူလိုက်ရမှာ ကျမတို့ စိုးရိမ်တာရှိတယ်။ နောက်တခုကြတော့ ဆရာ၊ ဆရာမတွေလည်း မလုံလောက်သေးဘူးပေါ့နော်။ နောက်တခု အဓိကစိုးရိမ်တာကတော့ ကျမတို့ကျောင်း လေယာဉ်အန္တရာယ်ပေါ့။ လေယာဉ် လာတယ်။ ဒါကို ကျမတို့က ကြောက်လို့ရှိရင် ကျမတို့ ကျောင်းပိတ်လိုက် ရတယ်။ ကျောင်းပိတ်လို့ရှင် ကလေးတွေက စာသင်တာပြတ်သွားတော့ အပြင်ကို စိတ်ပိုရောက်သွားတယ်။
ကျောင်းပိတ်တာများလို့ရှိရင် အဲဒီခါကြလို့ရှိရင် ကျမတို့က ကလေးတွေ ပညာဆက်လက်သင်ယူဖို့အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ စာကောင်းကောင်း မသင်ရမှာ စိုးရိမ်တယ်။ လေယာဉ်အန္တရာယ်ပေါ့ အဓိက စိုးရိမ်ခြင်းပဲ ဖြစ်တယ်ပေါ့နော်။ တချို့မိဘတွေလည်း ကြောက်တယ်ပေါ့။ ပို့လည်းတမျိုး မပို့လည်းတမျိုး အဲ့လိုပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်။
မေး။ ။ ၂၀၂၂ – ၂၀၂၃ စာသင်နှစ်ကိုရော ဘယ်လိုကျော်ဖြတ်လာရပြီး အခု ၂၀၂၃- ၂၀၂၄ စာသင်နှစ်မှာရော ဘယ်လိုအခက်ခဲတွေ ကြုံတွေ့ရပါလဲ။ အရင်စာသင်နှစ်နဲ့ ဒီနှစ် ဘယ်လိုကွာခြားမှုတွေရှိလဲ။
ဖြေ။ ။ အရင်စာသင်နှစ်ကို ကျမတို့ ဘယ်လိုကျော်ဖြတ်လဲဆိုရင် အရင်နှစ်က အလှူရှင်အသီးသီးတွေ ရှိကြတယ်။ ကျမတို့ကို အဖွဲ့အသီးသီးက စာအုပ်တွေ လာပေးတယ်။ တချို့ဆို အာဟာရ လာကျွေးတယ်။ ကျမတို့ ကျောင်းပိတ်ခါနီးမှာ GRS အဖွဲ့ကနေ ကျမတို့ကို ၃ လတာ အစမ်းကာလပုံစံမျိုးနဲ့ အာဟာရ လာကျွေးတယ်ပေါ့ နော်။ နေ့တိုင်းနေ့တိုင်း နေ့လည်စာအာဟာရ ကလေးတွေကို လာကျွေးတယ်။ မူလတန်း အဆင့်ပေါ့။
အရင်နှစ်က ကျမတို့ အဲ့လိုမျိုး ကျော်ဖြတ်ခဲ့တယ်ပေါ့နော်။ ပြီးတဲ့ခါကြတော့ အလှူရှင်ဆိုလည်း ကျမတို့ကို လာထောက်ပံ့ပေးတယ်။ ဒါပေမဲ့ ဒီနှစ်က World Vision အဖွဲ့က ပရောဂျက်ကုန်သွားလို့ ထင်တယ်၊ မလာတော့ ဘူးပေါ့နော်။ အရင်နှစ်နဲ့ ဒီနှစ် ဘယ်လိုကွာသွားလဲဆိုရင် အရင်နှစ်က အလှူရှင်ရှိတယ်။
ဒီလိုကျောင်းဖွင့်လိုက်ပြီဆိုတာနဲ့ ကလေးတွေ အနည်းဆုံး တစ်ခါနှစ်ခါ အာဟာရတွေ စားရတယ်။ မုန့်လေးတွေ စားရတယ်ပေါ့နော်။ ဒီနှစ်ခါကြတော့ ကလေးတွေက ကျောင်းဖွင့်တာ ၁ လတော့ ရှိသွားပြီပေါ့နော်။ ၁ လ ပြည့်ဖို့ ၁ ရက် ၂ ရက်ပဲ လိုတော့တာပေါ့နော်။ သူတို့အနေနဲ့ အပြင်ကမုန့်လေးတွေ လာကျွေးတာ စာအုပ်လာပေးတာ တစ်ခါမှ မရှိဘူး။ အဲ့လိုမျိုးလေး ကွာတာပေါ့နော်။
ပြီးတဲ့ခါကြတော့ ဒီနှစ်နဲ့ အရင်နှစ် ဘယ်လိုကွာခြားသလဲဆိုတော့ အရင်နှစ် ကျမတို့ကျောင်းက ကျောင်းသား ၁၀၀ လောက်ပဲ ရှိတယ်။ ၁၀၀ လောက်ပဲရှိတော့ ကျမတို့ နိုင်နိုင်နင်းနင်း သင်နိုင်တယ်။ ဆရာမတွေလည်း စုံစုံလင်လင် ရှိတယ်ပေါ့နော်။ နောက် ဒီနှစ်ကြတော့ စစ်ရှောင်လည်း ထပ်တိုးလာတယ်။ ပြီးတော့ ကျမတို့ နောက်တစ်တန်း လည်း ထပ်ဖွင့်ကြတော့ ကျောင်းဆောင်တွေလည်း လိုအပ်သွားတယ်။
ဆရာ၊ ဆရာမလည်း လိုတယ်ပေါ့နော်။ ကလေးတွေလည်း များလာတယ်။ လက်မခံလို့လည်း အဆင်မပြေဘူးလေ နော်။ ဘယ်လိုပဲပြောပြော ကျောင်းသားတွေက စာသင်ရမယ့် အခွင့်အရေးလိုတဲ့ အတွက်ကြောင့် ကျမတို့ လက်ခံ ပေးတယ်။ ကျောင်းသားတွေ များလာတယ်။ ဆရာ၊ ဆရာမတွေလည်း နည်းနည်း ပိုပင်းပန်းလာတယ်ပေါ့။
မေး။ ။ IEC (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ) ဘက်က ဘယ်လိုပုံစံမျိုး ကူညီပံ့ပိုးပေးတာရှိလဲ၊ ဘာတွေ ကူညီထောက်ပံ့ပေးနေပါလဲ။
ဖြေ။ ။ IEC ဘက်က အကူအညီပေးတယ်ဆိုတာက ဒီတစ်နှစ်တော့ မရှိသေးဘူးပေါ့နော်။ ကျမတို့ကို ဖတ်စာအုပ်တော့ လုပ်ပေးမယ်လို့တော့ အဲ့လိုမျိုး သတင်းသဲ့သဲ့ပဲ ကြားတယ်ပေါ့နော်။ တကယ့်လက်တွေ့တော့ စာအုပ်လည်း မပေးနိုင်သေးဘူးပေါ့နော်။ ကျောင်းတက်တာ ၁ လ ရှိပြီပေါ့နော်။ ဖတ်စာအုပ်တွေက မရသေးဘူး။ နောက်ပြီးခါကြတော့ အရင်တစ်နှစ်ကတည်းက ကျမတို့ကို သူတို့ကနည်းနည်းတော့ ပြောထားသေးတယ်။ စကားလမ်းကြောင်းလေးတော့ ပေးထားတယ်။
ကျမတို့ကို သူတို့က လစဉ်ထောက်ပံ့တဲ့ ပုံစံမျိုး အနည်းငယ် ပြင်ဆင်ပေးမယ်လို့ သူတို့ပြောတယ်။ အခုထိတော့ မလာသေးဘူး။ အစီအစဉ်က ဘယ်လိုဆိုတာ ကျမတို့လည်းမသိဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ ကျမတို့ကို ဒီဇင်ဘာလ ကနေ ၅ လပိုင်းအထိ ကျမတို့ကို ဆယ်သဲ (ဒုက္ခသည်စခန်း) နဲ့ပေါင်းပြီး ကျမတို့ကို ထောက်ပံ့ကြေးပေးတယ်။ ဒီတစ်နှစ်ကြတော့ သူတို့က ပေးဖို့ရှိတယ်။ ဘယ်ချိန်မှ ဝင်မလဲတော့ ကျမတို့ မသိသေးဘူးပေါ့နော်။
မေး။ ။ တခြားရော ပညာရေးနဲ့ပတ်သက်ပြီး လာရောက်ကူညီပေးတဲ့ အဖွဲ့တွေရှိပါလားရှင့်။
ဖြေ။ ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့မှ ဒီတစ်နှစ်က လာကူညီပေးတဲ့အဖွဲ့ကတော့ ရှေ့ကပြောခဲ့သလိုပဲ ပေါ့နော်၊ တစ်ဖွဲ့မှတော မရှိသေးပါဘူး။ ကျမတို့လည်း မျှော်လင့်နေတယ်ပေါ့နော်။ ဘယ်နေ့ဘယ်အဖွဲ့များ ကလေးတွေကို စာအုပ်လာပေးမလဲပေါ့။ ခဲတံလေးတွေ လာပေးမလဲပေါ့။ ကျမတို့ အရင်နှစ် အရင်နှစ်တွေက သူများပေးထားတဲ့ အဟောင်းလေးတွေ ရှိသေးတော့ နည်းနည်းအဆင်ပြေတယ်ပေါ့နော်။
ဥပမာ အငယ်တန်းလေးတွေဆို လောက်တယ်။ အကြီးတန်းတွေကြတော့ ဘယ်လိုပဲပြောပြော စာများတော့ သူတို့က အသစ်ဝယ်ရတော့ သူတို့က သိပ်တော့အဆင်မပြေဘူးပေါ့နော်။ အငယ်တွေကြတော့ အရင်နှစ် ပေးထားတဲ့ အကျန်လေးတွေရှိတော့ သိပ်မကုန်သေးဘူးပေါ့နော်။ ကုန်တဲ့သူလည်းကုန်မယ်၊ ရှိတဲ့သူလည်းရှိမယ်။
မေး။ ။ ဆရာ၊ ဆရာမတွေ အနေနဲ့ရော ဘာလိုအပ်ချက်တွေ စိုးရိမ်စရာတွေ ရှိပါလဲရှင့်။
ဖြေ။ ။ ဆရာမတွေရဲ့ လိုအပ်ချက်နဲ့ စိုးရိမ်စရာကတော့ ဘယ်လိုပဲပြောပြော ဆရာမတွေလည်း မိသားစုကိုယ်စီ ရှိတာဆိုတော့လေ၊ သူတို့လည်း ဝါသနာပါလို့သာ သူတို့ရဲ့တတ်အားနဲ့ ကျောင်းမှာသင်ကြတယ်ပေါ့နော်။ ဒီလစာလေးနဲ့ဆို တကယ်တမ်းဆိုရင် ၁ လကို (ရရှိတဲ့လစာ) ဆန် ၁ အိတ်ဖိုးလည်း မရှိပါဘူး ။ ကုန်ဈေးနှုန်း တက်လာတာနဲ့ အမျှပေါ့နော်၊ ဆရာမတွေကြတော့ ခက်ခဲကြတာပါပဲ။ သူတို့ရဲ့ အနစ်နာခံတဲ့စိတ်နဲ့ ဝိုင်းဝန်းကူညီ ပေးကြတာ တွေ့ရတယ်။ ကျောင်းဆရာမတွေက တကယ့်စေတနာအပြည့်နဲ့ စေတနာ အနစ်နာ တကယ်ပါတဲ့ ဆရာမတွေဆိုတာ ကျမပြောရဲပါတယ်။
သူတို့ကို ဖြစ်နိုင်ရင်ပေါ့နော် ပုံမှန်ထောက်ပံ့ကြေးလေး ရစေချင်တယ်ပေါ့နော်။ တစ်ဖွဲ့ဖွဲ့က ထောက်ပံ့မှုလေး ခိုင်ခိုင်မာမာ ပေးချင်တယ်ပေါ့နော်။ ကြားကနေ ဝေးဝေးကြတခါ မုန့်ဖိုးလေး လာပေးတယ်။ ကော်ဖီလေး တိုက်တယ်။ အဲလိုမျိုး အဖွဲ့တွေလည်း ရှိတာပေါ့နော်၊ အဲအဖွဲ့ဆိုတာက မိဘတွေကနေပါ လာလုပ်ပေးတာ တွေတော့ ရှိတယ်။ ဆရာမတွေရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရး ဖြေရှင်းဖို့ လိုတယ်ဆိုတော့ ပုံမှန်ဝင်ငွေလေး နည်းနည်းတော့ လိုချင်တာပေါ့နော်။ ဖြစ်နိုင်လို့ရှိရင် အလှူရှင်ကို ကျမတို့မျှော်လင့်ပါတယ်လို့။
စိုးရိမ်စရာကတော့ ကျမတို့ ဒီကျောင်းကို အရင်နှစ်လိုမျိုး ဖွင့်လိုက်ပိတ်လိုက် လုပ်နေရမှာ စိုးတယ်ပေါ့နော်။ ကျမတို့ စာသင်ရတာက အဆင်လည်းမပြေဘူးပေါ့။ ဖွင့်လိုက်ပိတ်လိုက်ဆို ကလေးတွေလည်း အာရုံက ပျက်သွားတယ်။ ဆရာမတွေ သင်ရတာလည်း အာရုံတွေ မရတော့ဘူး။ ကျောင်းတခါပိတ်လို့ရှင် ကလေးကို တခါပြန်ပြီးတော့ ကျောင်းပြန်ဖွင့်ရင် စာထဲအာရုံ ပြန်ရောက်အောင် ကျမတို့ တော်တော်လေးကို ပြန်ပြီးတော့မှ ဆွဲခေါ်ရတယ်ပေါ့နော်။ အဲ့ဒါလေးတွေ စိုးရိမ်စရာ ရှိတယ်ပေါ့နော်။
မေး။ ။ နောက်ထပ်ဖြည့်စွက် ပြောချင်တာများ ရှိပါလားရှင့်။
ဖြေ။ ။ အဓိက စိုးရိမ်စရာကတော့ ရှေ့မှာပြောသလိုပဲ တိုက်ပွဲကြောင့် လာတဲ့လေယာဉ်တွေပေါ့နော်၊ သူတို့က တိုက်ပွဲ မဟုတ်တဲ့နေရာ အဓိက အခုနောက်ပိုင်းဆို စာသင်ကျောင်းတွေကို ဦးတည်တဲ့အခါကြတော့ ကျမတို့ တအား စိုးရိမ်ရပါတယ်။ ဒီလိုမျိုး စိုးရိမ်ရတဲ့အတွက်ကြောင့် ဒီတစ်နှစ်ဆို ကျမတို့ ကျောင်းစာသင်ခန်းက ၆ ခန်း ရှိတယ် ဆိုပေမယ့် ကျမတို့ ခွဲသင်လိုက်တယ်။ တနေရာ ဝေးဝေးဆီ ဝေးဝေးပေါ့။
ဘာဖြစ်လို့လဲဆိုရင် ကလေးတွေ အစုလိုက်အပြုံလိုက် မဖြစ်ကြအောင်တော့ ကျမတို့ ဒီလိုအခန်းတွေကို နှစ်တန်းကို တစ်နေရာစီ ပို့လိုက်တယ်။ နည်းနည်းလှမ်းတဲ့ နေရာလေးပေါ့။ ဟို့ဘက်ခြံ ဒီဘက်ခြံ အဲ့လိုမျိုးတွေ တနေရာစီ ကျမတို့ ခွဲသင်တဲ့အခါကြတော့ ကျမတို့စာသင်ဆောင်တွေ ယာယီအသစ် ပြန်ဆောက်ရတယ်ပေါ့။ မိုးကာအမိုးလေးနဲ့ ဝါးတိုင်လေးနဲ့ မိုးကာကြား အကာနဲ့ အဲလိုမျိုး ကျမတို့ သင်ရတယ်ပေါ့။
အဲ့ခါကြတော့ ဒီ ၅ တန်း၊ ၆ တန်း၊ ၇ တန်းတို့ဆို ကျမတို့က ဘာသာရပ်ခွဲပြီးတော့ သင်ရမယ်ဆို ဆရာမတွေ ဟို့ဘက်သွားလိုက် ဒီဘက်သွားလိုက် အဲ့လိုတော့ လုပ်ရတယ်ပေါ့နော်။ အခုလောဆယ်တော့ ဆရာမတွေလည်း မလုံလောက်သေးဘူး ဆိုတော့လေ။ အဲ့ခါကြတော့ ဒီစိုးရိမ်မှုကြောင့် အဓိက လေယာဉ်အန္တာရာယ် စိုးရိမ်မှုကြောင့် ကျမတို့ ဒီမှာ စာသင်တာတွေကို တစ်နေရာစီ ခွဲသင်ပါတယ်။
တစ်ကျောင်းတည်းဆိုပေမယ့် ကျမတို့ တနေရာစီ ခွဲသင်တယ်။ ကျမတို့ ကျောင်းဆောင်တစ်ဆောင် ကောင်းကောင်းလေး ရှိတယ်ဆိုပေမဲ့ ကျောင်းဆောင်ထဲမှာ ကောင်ကောင်း မသင်ရပါဘူးပေါ့နော်။ ကလေးတွေ ၅ တန်းနဲ့ ၆ တန်းက တနေရာ သွားသင်တယ်။ ၃ တန်းနဲ့ ၄ တန်းက တနေရာမှာ သွားသင်တယ်။ ကျန်တဲ့ အတန်းငယ်နဲ့ Grate – 7 ကတော့ လက်ရှိကျောင်းဆောင်ထဲမှာနဲ့ ခန်းမဆောင်မှာ ကျမတို့ ခွဲသင်ကြရပါတယ်။
NMG ပေးပို့သည်။