မောင်တောဒေသကနေ စစ်ဘေးရှောင်ထွက်ပြေးလာသည့်အခြေအနေအပါအဝင် စစ်ရှောင်စခန်းတွင်နေထိုင် ရသည့်အခက်အခဲများနှင့်ပတ်သက်ပြီး မွတ်ဆလင်စစ်ရှောင်အမျိုးသမီးဒေါ်ချိုချိုခိုင်နှင့် ဆက်သွယ်မေးမြန်းချက်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကြာမြင့်လာသည်နှင့်အမျှ ဒေသခံပြည်သူ ၆ သိန်းခန့်သည် အိုးပစ်အိမ်ပစ် ထွက်ပြေး နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေထိုင်ရေးစသည့် ကဏ္ဍအသီးသီးတွင် အခက်အခဲစိန်ခေါ်မှုများနှင့် ဖြတ်သန်း ရင်ဆိုင်နေရသည်။
ထိုသို့ တိုက်ပွဲပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများထဲတွင် အမျိုးသားများထက် အမျိုးသမီး များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် အခက်အခဲများစွာကို ပို၍ကြုံတွေ့နေကြရသည်။
အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့တွင်လည်း စက်တင်ဘာလကုန်ပိုင်းမှစ၍ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်သူများတွင် မွတ်ဆလင် စစ်ဘေးရှောင်များလည်း ပါဝင်လျက်ရှိသည်။
လက်ရှိ၌ စစ်ဘေးရှောင်စခန်းများတွင် မွတ်ဆလင်အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲစိန်ခေါ်မှုများ၊ မောင်တောမြို့တွင်းတိုက်ပွဲနှင့် ထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေများတို့နှင့်ပတ်သက်ပြီး လှဖိုးခေါင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် မွတ်ဆလင်စစ်ရှောင်အမျိုးသမီး ဒေါ်ချိုချိုခိုင်နှင့် တွေဆုံမေးမြန်းထားပါသည်။
မေး။ ။ မောင်တောကနေ ဒီနေရာကို ထွက်ပြေးလာရတဲ့အခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ ကျမတို့က မောင်တော၊ ရပ်ကွက် (၅) လေးခွဆုံနားမှာ နေတယ်။ စစ်သား ၃၊ ၄ ယောက် ကျမတို့အိမ်ကို ဝင်လာတယ်။ ကျမတို့ ထွက်သွားတော့မယ်ပြောတော့ သူတို့စစ်သားတွေက ဘေးနားကအိမ်ကို သွားကြတယ်။ ခဏကြာရင် တစ်ရွာသားလုံးထွက်သွားရမယ်ပြောတော့ ထွက်လာခဲ့တယ်။ မြို့ထဲဘက်ကို စစ်သားတွေ လမ်းလျှောက်ပြီး ချီတက်လာကြတယ်။ ကျမတို့ ဖေစီရွာကို ရောက်သွားတယ်။ ဆွေမျိုးအိမ်မှာ နေတယ်။ အဲဒီမှာ နေတော့ လက်နက်ကြီးတွေက တစ်ညလုံးပစ်တယ်။ ကြောက်စရာ ကောင်းတယ်။ မနက်မိုးလင်းတာနဲ့ နေမရ တော့ဘူး။ လက်နက်ကြီး ပစ်တော့မယ်ပြောတော့ ကျမတို့ နေစရာ၊သွားစရာ မရှိတော့ဘူး။
ဆိုတော့ နောက်တခေါက် မြို့ထဲအဘိုးအိမ်က တိုက်အောက်မှာသွားနေတယ်။ အပြင်ကို ထွက်လို့မရအောင် ပစ်ခတ်နေကြတာ။ ရေခပ်သွားမရ၊ အပြင်ထွက် မရဘူး။ မနက်စောစောမှာတော့ ရပ်ကွက် (၅) က တဆင့် လမ်းလျှောက်ပြီး ထွက်လာကြတာ။ လူတွေ အများကြီးပဲ။ အဲဒီမှာ ကလေးတွေပျောက်ပြီးတော့ ငိုကြတာလည်း အများကြီးပဲ။ နောက်တော့ ဘာဆူဘာဘက်ကို ရောက်သွားတယ်။ ၅ ရက်လောက်နေတော့ ငွေတောင်ကို သွားကြမယ်လို့ ပြောတယ်။ ကျမတို့ လာတုန်းက မိသားစု ၄ ယောက်တည်း ထွက်လာတာ။ အခြားလူတွေ မသွားသေးဘူး။
လမ်းမှာ ကြောက်စရာကောင်းတယ်။ လမ်းလျှောက်လာရတာ အသွားမှာ မြက်ခင်းပြင်တွေကနေ ဖြတ်သွား ရတယ်။ အီတလီယာရွာ လမ်းမထက်ကိုရောက်တော့ နောက်ထပ်မိသားစုတွေနဲ့ တွေ့တယ်။ ထွက်ပြေးလာတဲ့ အကြောင်းကိုပြောပြီး အတူတူထွက်လာတာ။ ဘက်ကားဘူရွာနားကို ရောက်တာနဲ့ (AA) က စာရင်းဇယားတွေ ကောက်တယ်။ ဘယ်ကဘယ်ကို သွားတယ်။ စစ်ဘေးရှောင်သွားတယ်လို့ သားသမီးဘယ်နှစ်ယောက် စသည်ဖြင့်ပေါ့လေ။ ကျမတို့ကလေးတွေမှာ ယားနာတွေပေါက်နေတယ်။ အဲဒီအနားမှာ လူ ၂၀ ကျော်၊ ၃၀ လောက်ဖြစ်သွားတယ်။ အဲဒီမှာ ခဏစောင့်တော့ AA က ကားနဲ့ လာတင်ပေးတယ်။
မေး။ ။ မောင်တောမြို့ထဲမှာနေတုန်းက ဘယ်လိုအခက်ခဲတွေ ကြုံခဲ့ရလဲ။
ဖြေ။ ။ မြို့ထဲမှာနေတုန်းက ထွက်လာရတဲ့အကြောင်းအရင်းက လက်နက်ကြီးပစ်မယ်လို့ ပြောတယ်။ ဒါကြောင့် ထွက်လာရတာ။ မြို့ထဲမှာနေတုန်းက လက်နက်ကြီးတွေက ကိုယ့်ခေါင်းထက်က ကျလာသလိုဖြစ်တော့ အရမ်းကြောက်စရာကောင်းတယ်။ ကိုယ့်ရှေ့ကလည်း လက်နက်ကြီးကျလို့ သေဆုံးသူတွေ မြင်ခဲ့ရတယ်။
မေး။ ။ လက်ရှိ စစ်ဘေးရှောင်နေရတဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ ဒီမှာက ကျမခင်ပွန်းရော၊ ကျမမှာပါ အလုပ်အကိုင်မရှိလို့ အခက်ခဲအကျပ်အတည်းတွေ ဖြစ်ပါတယ်။ ဒီကယ်ဆယ်ရေးစခန်းမှာ ကူညီထောက်ပံ့မှု အနည်းငယ်တော့ ရပါတယ်။
မေး။ ။ ဒီစခန်းမှာ လတ်တလော ဘာလိုအပ်ချက်တွေ ဖြစ်ပေါ်နေလဲ။
ဖြေ။ ။ ဒီစခန်းကို ရောက်နေတာက ၂ လ ကျော်ပြီ။ လတ်တလောမှာ ကျန်းမာရေး အခြေအနေကတော့ ဖျားကြတယ်။ အရေပြားယားနာတွေ ဖြစ်ကြတယ်။ ဝမ်းချုပ်ဝမ်းပျက် ဖြစ်တာလည်းရှိတယ်။ ဆိုတော့ ဆေးခန်းကနေ ဓာတ်ဆားတွေ၊ ဆေးတွေသောက်လို့ သက်သာတယ်။
မေး။ ။ ဒီစခန်းမှာ ကူညီကယ်ဆယ်ရေးရရှိတဲ့ အခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ကူညီပေးမှုကတော့ အဖွဲ့အစည်းနာမည်ကိုတော့ မသိဘူး။ ပထမ ငွေနှစ်သိန်း ရထားတယ်။ ဓာတ်ပုံ ရိုက်ပြီးတော့ ပထမဆုံးပေးတာ။ နောက်တစ်ခုကတော့ ဆပ်ပြာတွေ၊ ဖလားတွေ ပါဆယ်ရထားတာရှိတယ်။ နောက်တစ်ခုက WFP က တစ်ဦးကို ပိုက်ဆံ ၅ သောင်းစီ၊ မိသားစု ၄ ယောက်အတွက် ငွေနှစ်သိန်းရတယ်။ နောက်အဖွဲ့ကတော့ ဆပ်ပြာတွေ၊ ရေသန့်ဆေးတွေ ရထားတာရှိတယ်။
မေး။ ။ ဒီမှာနေရတာ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ ဒီမှာနေရတာ အဆင်ပြေတယ်။ ကိုယ့်အိမ်သဘောလို နေရတယ်။ ဒါပေမဲ့ နေရာတာ နေအရမ်းပူတယ်။ သွားစရာလာစရာ မရှိဘူး။ အလုပ်အကိုင်မရှိတော့ စားဝတ်နေရေး အဆင်မပြေဘူး။ အလုပ်အကိုင်တွေနဲ့ ဒီမှာနေတဲ့လူတွေ အကုန်လုံးအတွက် အကူအညီထောက်ပံ့မှုတွေ ပေးနိုင်ရင်ကောင်းမယ်။
မေး။ ။ အမျိုးသမီးတစ်ယောက်အတွက် လုံခြုံရေးနဲ့အခက်အခဲတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ အမျိုးသမီးအခက်ခဲကတော့ ကိုယ်ဝန်ဆောင်တွေမှာ အရမ်းခက်ခဲ့တယ်။ သားဆက်ခြားတဲ့ လူတွေမှာ ဆေးမထိုးရ မသောက်ရတော့ အခက်ခဲဖြစ်တယ်။ ဆေးတွေ လိုအပ်တယ်။ ကိုယ်ဝန်ဆောင် အားဆေးတွေ လိုအပ်တယ်။ ကျန်းမာရေးအပိုင်းမှာလည်း ဖျားကြတာ၊ ယားနာတွေ ဖြစ်တာရှိတယ်။ စခန်းမှာက အဝတ်အစား မလုံလောက်တာတွေရှိတယ်။ ကျမတို့မှာ ဝတ်စုံ ၂ စုံတည်းပါတာ။ ကလေးတွေမှာ ဝတ်စရာအဝတ်အစား မရှိ တော့ဘူး။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေက ပထမတစ်ခေါက်တုန်းက ၂ ထုပ်၊ ၃ ထုပ်လောက် ရလိုက်တယ်။ ဒီမှာတော့ အမျိုးသမီးတွေအတွက် လုံခြုံမှုအားနည်းတယ်။
မေး။ ။ ရခိုင်နဲ့မွတ်ဆလင် နှစ်ဖက်အသိုင်းအဝိုင်းမှာ ဒီကနေ့ အခြေအနေဘယ်လိုရှိလဲ။
ဖြေ။ ။ အရင်ကနဲ့စာရင် ဆက်ဆံရေးကောင်းပါတယ်။ လမ်းသွားလမ်းလာတွေမှာလည်း ယဉ်ယဉ်ကျေးကျေး ပြောဆိုတာတွေ ရှိပါတယ်။ ကျမတို့က နှစ်ဖက်အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ ဒါမှလည်း ကိုယ့်ပြည်ကိုယ့်ရွာ အောင်မြင်မယ်။
အောင်ထိန် (DMG) ပေးပို့သည်။