“ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထား ပါတယ်။ ဒီထက်အချက်အခြာကျတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေကို မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ NUG၊ MOD၊ PDF တွေနဲ့ ကျွန်တော်တို့ရဲ့မဟာမိတ် KNU တပ်ဖွဲ့တွေနဲ့လည်း လိုအပ်ရင်လိုအပ်သလိုပူးတွဲပြီး စစ်ဆင်ရေးတွေ လုပ်သွားပါမယ်” ဒေါက်တာသီရိမွန်ချမ်း/ ရာမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ

0
42
Photo – MLA / MNLA-AD / MSDF/ MSRF

ရာမညစစ်ကြောင်းဖော်ဆောင်မည့် စစ်ရေးအလာအလာများနှင့်ပတ်သက်ပြီး ရာမညစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းခံရသည့် လေးနှစ်ပြည့်ခါနီးချိန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် မွန်လက်နက်ကိုင် တော်လှန်ရေး ၄ ဖွဲ့သည် စစ်အာဏာရှင်စနစ်ကို အတူတကွတိုက်ဖျက်ရန် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါသည်။

မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ရာမညပူးတွဲစစ်ကြောင်းတွင် မွန်ပြည် လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပါဝင်ပါသည်။

ရာမညစစ်ကြောင်းက စစ်ဆင်ရေးဖော်ဆောင်မည့် ဒေသများအကြောင်း၊ အဖွဲ့ ၄ ဖွဲ့ပေါင်းစည်းလိုက်ရသည့် ရည်မှန်းချက်၊ ဗျူဟာမြောက်စစ်ဆင်ရေးများအပါအဝင် လုပ်ကိုင်ဖော်ဆောင်သွားမည့် စစ်ရေးအလာအလာများ နှင့်ပတ်သက်ပြီး ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံး ရာမညစစ်ကြောင်းအနေနဲ့ ဘယ်ဒေသတွေကို စစ်ဆင်ရေး စတင်သွားဖို့ရှိပါလဲ။ ဥပမာ – မွန်ပြည်နယ် တစ်ခုတည်းပဲလား။ ဒါမှမဟုတ် ဆက်စပ်ဒေသတွေမှာ စစ်ဆင်ရေးလုပ်သွားမှာပါလား။

ဖြေ။ ။ ရာမညစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေကို မွန်ပြည်နယ်တစ်ခုလုံးကို သတ်မှတ်ထားတာ ရှိတယ်။ သို့သော် စစ်ရေးအရလိုအပ်ချက်ရှိရင်တော့ မွန်နဲ့တနင်္သာရီနဲ့လည်း ဆက်နေတယ်။ မြောက်ပိုင်းမှာ ကရင်ပြည်နယ်နဲ့လည်း ဆက်နေတော့ လိုအပ်ရင်လိုအပ်သလို စစ်ဆင်ရေးတွေ မဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့ လုပ်သွားမှာပါ။

မေး။ ။ အခုလို စစ်ကြောင်းဖွဲ့လိုက်တာဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန့်ကျဲနေတာထက်စာရင် စုစုစည်းစည်းနဲ့ ကျစ်လစ်ခိုင်မာစွာ စစ်ဆင်ရေးဆင်နွှဲဖို့ ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ရှိလာနိုင်ပါလဲ။

ဖြေ။ ။ အခုလိုမျိုး ဗျူဟာမြောက်စစ်ကြောင်းဖွဲ့ပြီး စစ်ဆင်ရေးအတွက် အရင်က တစ်ဖွဲ့ချင်းစီလုပ်နေတာ ထက်စာရင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ပိုပြီးလုပ်လာနိုင်မှာပါ။ ၂၀၂၂ ကနေ ၂၀၂၄ အထိ မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံး တစ်ဖွဲ့ချင်းစီ ကွဲပြားပြီး လှုပ်ရှားနေမယ့်အစား အခုလိုမျိုး စုစည်းပြီး ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ခဲ့ရင် စစ်ရေးရည်မှန်းချက်တွေအတွက် အများကြီး အကျိုးကျေးဇူးဖြစ်လာနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အခုလို ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းရခြင်း ဖြစ်တယ်။

မေး။ ။ မွန်တပ်ဖွဲ့ ၄ ဖွဲ့အနေနဲ့ အခုလို စစ်ကြောင်းဖွဲ့လိုက်တဲ့အပေါ် တပ်ရင်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက် နိုင်မယ့် အခြေအနေရှိနိုင်မလား။

ဖြေ။ ။ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းရတဲ့ အဓိကအချက်တစ်ချက်ဖြစ်တဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ တပ်ရင်း၊ စစ်စခန်းနဲ့ အချက်အခြာကျတဲ့နယ်မြေ ဒါမှမဟုတ် တပ်စခန်းတစ်ခုခုကို သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ အုပ်စုဖွဲ့ထားတဲ့အတွက်ကြောင့် ခုနက အရေးကြီးတဲ့ စစ်ဌာနတစ်ခုကိုဖြစ်စေ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျွန်တော်တို့ရည်မှန်းချက်ချထားပါတယ်ခင်ဗျ။

မေး။ ။ ဒီစစ်ကြောင်းကနေ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အထိ ရည်မှန်းထားပါလား။ အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်ဖို့ကိုပေါ့။

ဖြေ။ ။ ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ဒီထက်အချက်အခြာကျတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေကို မဟာမိတ်အဖွဲ့အစည်း တွေဖြစ်ကြတဲ့ NUG၊ MOD၊ PDF တွေနဲ့ ကျွန်တော်တို့ရဲ့မဟာမိတ် KNU တပ်ဖွဲ့တွေနဲ့လည်း လိုအပ်ရင် လိုအပ်သလိုပူးတွဲပြီး စစ်ဆင်ရေးတွေ လုပ်သွားပါမယ်။

မေး။ ။ လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်မှာ စတင်ခဲ့တဲ့ ကျုံလောင်းတိုက်ပွဲမှာတုန်းက အခြားတော်လှန်ရေး အဖွဲ့တွေနဲ့ မွန်တပ်ဖွဲ့ ၄ ဖွဲ့တို့ အတူတကွတိုက်ပွဲဝင်တာမျိုးရှိလား။

ဖြေ။ ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်မှာစတင်ခဲ့တဲ့ ကျုံလောင်းတိုက်ပွဲမှာတုန်းက ကျွန်တော်တို့ မွန်လက်နက်ကိုင်လေးဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD၊ မွန်ပြည် ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့တွေလည်း အတူတကွတိုက်ခိုက် တိုက်ပွဲ ဝင်လာခဲ့တယ်။ အခုလည်း တိုက်ပွဲဝင်နေပါတယ်။

ရာမညပူးတွဲစစ်ကြောင်း မဖွဲ့စည်းနိုင်ကတည်းက မိမိတို့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်နေ့က ချမှတ် ထားတဲ့ စစ်ရေးဆိုင်ရာပူးတွဲလှုပ်ရှားမှုတွေ လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်သေးခင်မှာပဲ စစ်ရေးအရ အရေးကြီးတဲ့ ကျုံလောင်းတိုက်ပွဲမှာ ကျွန်တော်တို့မွန်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့က အခုချိန်အထိ အတူတကွ တိုက်ပွဲဝင်နေကြပါတယ်။

မေး။ ။ ရာမညစစ်ကြောင်းအနေနဲ့ ပွဲဦးထွက်စစ်ဆင်ရေးကို ဘယ်တော့လောက် မျှော်လင့်လို့ရနိုင်လဲ။ ဒီအပေါ် လူထုကို ဘာများပြောချင်တာရှိပါလဲ။

ဖြေ။ ရာမညစစ်ကြောင်းအနေနဲ့ ပွဲဦးထွက်စစ်ဆင်ရေးကို ကျွန်တော်တို့ အမြန်ဆုံးလုပ်နိုင်ဖို့ စီမံချက်တွေ ချထားပါတယ်။ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်ဖြစ်လို့ ဘယ်ရက်ဘယ်လလောက်မှာ လုပ်မလဲဆိုတာ မပြောခွင့်ပြုပါ ခင်ဗျ။ မွန်ပြည်သူပြည်သားများကို ပြောချင်တာက မွန်ပြည်နယ်မှာ မွန်လက်နက်ကိုင်တပ်တွေ စစ်ရေးဖော်ဆောင် မှုတွေ မလုပ်တာတောင်မှ စကစရဲ့အကြမ်းဖက်နှိပ်စက်မှုတွေ တခြားတိုင်းနဲ့ပြည်နယ်တွေကနေ ကူးစက်လာတဲ့ စစ်ဘေးဒဏ်ကို ကျွန်တော်တို့ မွန်ပြည်သူပြည်သားတွေ ခံစားနေကြရတယ်။

စကစရဲ့ဖိနှိပ်မှုအောက်ကနေ မဖောက်ထွက်နိုင်ဘူးဆိုရင် ကျွန်တော်တို့သားစဉ်မျိုးဆက် ဒီလိုဖိနှိပ်ခံမှုတွေ ခံနေရ မယ်။ ဒါကြောင့်မို့လို့ ဒီတော်လှန်ရေးတစ်ခုမှာ အပေးအယူရှိလာစမြဲပါ။ အောင်မြင်မှုအတွက် အနစ်နာခံမှုတွေ ရှိမယ်။ ဒီလိုမျိုး ပေးဆပ်မှုတွေရှိမှသာ ကျွန်တော်တို့လိုလားတဲ့ အောင်မြင်မှုတွေရလာနိုင်မယ်။ မွန်ပြည်သူလူထု တွေလည်း စစ်ရေးကာလမှာ သတိရှိရှိနေကြဖို့ ကျွန်တော်တို့တိုက်တွန်းချင်တယ်။ မွန်လက်နက်ကိုင်တပ်တွေက ပြည်သူတွေ ထိခိုက်မှုနည်းအောင် စစ်သည်ကျင့်ဝတ်တွေအရ စစ်ပွဲမှာမပါဝင်ကြတဲ့ ပြည်သူတွေ အထိအခိုက် နည်းအောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here