“ရာခိုင်နှုန်းအားဖြင့် ကောက်ယူရရှိတဲ့ ရာခိုင်နှုန်းအနည်းငယ်ကသာလျှင် ဒီတော်လှန်ရေးတပ်ဖွဲ့တွေကနေ ကျူးလွန်တာ ဖြစ်ပြီးတော့ အဲဒီကျူးလွန်မှုတွေကလည်း တစ်ဦးတစ်ယောက်၊ လူတစ်ဦးချင်းစီ ကျူးလွန်တာ ဖြစ်တယ်ပေါ့နော။ စစ်ကောင်စီကကျူးလွန်သလို စစ်ပွဲရဲ့လက်နက်အနေနဲ့ အသုံးချတာမျိုး သေသေချာချာစီစဉ် ပြီးမှ ကျူးလွန်တာမျိုး မဟုတ်နေတာမျိုးကတော့ အသေအချာပါပဲ။.လူတစ်ဦးတစ်ယောက်ရဲ့ ကျူးလွန်မှုတွေက အများဆုံးပါပဲ။” ဦးစိန်လှိုင် – အမှုဆောင်ဒါရိုက်တာ / ညီမျှခြင်းမြန်မာ (EQMM)

0
66
ပုံစာ - ညီမျှခြင်းမြန်မာ (EQMM) အမှုဆောင်ဒါရိုက်တာဦးစိန်လှိုင်

မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို လေ့လာစောင့်ကြည့် မှတ်တမ်းယူ ရာတွင် ကြုံနေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ညီမျှခြင်းမြန်မာ (EQMM) ၏ အမှုဆောင် ဒါရိုက်တာဦးစိန်လှိုင်နှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခ ကြာရှည် လာမှုနှင့်အတူ စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှုများသာမက အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်နေသူများကပါ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိလာနေသည်။

လူ့အခွင့်အရေးရှုထောင့်အရ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တော်လှန်ရေးတွင် လုပ်ကိုင် ပါဝင်နေသူများ၏ ချိုးဖောက်မှုဖြစ်စဉ်များကို စစ်ရေးပဋိပက္ခများကြောင့် လေ့လာစောင့်ကြည့် မှတ်တမ်းယူရန် အခက်အခဲ စိန်ခေါ်ချက်များ ဖြစ်နေရသည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် ညီမျှခြင်းမြန်မာ EQMM က ပြောဆိုသည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်မှတ်တမ်းယူရန် ကြုံနေရသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ညီမျှခြင်းမြန်မာ (EQMM) ၏ အမှုဆောင်ဒါရိုက်တာ ဦးစိန်လှိုင်အား ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်သာမက တော်လှန်ရေးလုပ်နေသူတွေ ဘက်ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုရှိနေတယ်လို့ ပြောဆိုကြတာကိုတွေ့ရပါတယ်။ ဘယ်လို အခြေအနေ မျိုးတွေကို တွေ့မြင်ရပါလဲ။

ဖြေ။ ။ မြန်မာစစ်တပ်အနေနဲ့ကတော့ ၂၀၂၁ နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာ အားလုံးအသိပါပဲ။ သို့ပေမယ့် ၂၀၂၁ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ စစ်ဘောင်ကျယ်လာပြီး ပြည်သူ့ခုခံစစ်သဘောနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေလုပ်လာတဲ့အခါမှာ စကစရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေက အတိုင်းမသိ ပိုမိုကျယ်ပြန့်ဆိုးဝါးလာတယ်။ မြေပြင်မှာ စစ်ဘောင်ကျယ်လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတယ်။ အဲ့လိုဖြစ်ပေါ်လာတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူမှုတာဝန်ခံမှုက အရေးကြီးလာတယ်။

လက်ရှိမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် NUG ရဲ့ ထိန်းချုပ်နယ်မြေတွေမှာတော့ International Humanitarian Laws တွေ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောတရားတွေ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာနိုင်တဲ့ယန္တရားတွေ ရှိနေတယ်။ တိုင်ကြားမှုတွေ လုပ်ဆောင်နိုင်ဖို့ ဗဟိုတိုင်ကြားမှု ယန္တရားတွေ တိုင်ကြားစာတွေကို လက်ခံတာ၊ ကြားနာတာတွေကို လုပ်ဆောင်ပေးနေတာ တွေလည်း ရှိပါတယ်။ တခြားတဖက်မှာလည်း NUG က တရားရုံးတွေဖွင့်ပြီး ကြားနာမှုတွေလည်း ရှိနေသလို ဒါပေမယ့် ထိရောက်မှု မရှိတာ၊ လုံလောက်စွာ မကာကွယ်နိုင်သေးတာတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုလုပ်ရပ်တွေကြောင့် ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့ဆိုတဲ့အချက်ကို ထိခိုက်မှု ရှိစေနိုင်ပါလား၊ နိုင်ငံတကာကရော ဒါတွေနဲ့ပတ်သက်လို့ ဘယ်လိုတုန့်ပြန်မှုတွေနဲ့ ကြုံလာရနိုင်လဲဗျ။

ဖြေ။ ။ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့အတွက် ဒီအခြေအနေတွေက ထိခိုက်နိုင်သလားဆိုတော့ ထိခိုက်နိုင်တယ်။ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနိုင်တယ်လို့ ပြောလို့ရတာပေါ့နော်။ နိုင်ငံတကာက နွေဦးတော်လှန်ရေးကို အားမပေးဘူး။ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ ရှိနေတဲ့အပေါ်မှာ တဖက်သတ် တော်လှန်ရေး လုပ်နေတဲ့သူတွေအပေါ် ပုံဖျက်ဝါဒဖြန့်တဲ့ဟာတွေ ဆက်လုပ်နေမယ်။

ဒါတွေက ဆက်ရှိနေမယ်ဆိုရင် ဒီဟာတွေက သတိကြီးကြီးထားဖို့ လိုတဲ့အချိန်တွေ ဖြစ်တယ်။ တပြိုင်နက် တည်းမှာပဲ နွေဦးတော်လှန်ရေးလုပ်နေတဲ့ တော်လှန်သူအပေါင်းကလည်း အာဏာရှင်စနစ်ကို တော်လှန်နေတာ ဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း အာဏာရှင်စနစ်ပုံစံမျိုး ကျင့်သုံးတာမဖြစ်ရအောင် ဂရုစိုက်ပြီးသွားဖို့ လိုတယ်လို့ ပြောလိုပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တော်လှန်ရေးလုပ်ဆောင်နေသူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ယေဘုယျအားဖြင့်ကြည့်ရင် ဘယ်လိုကွာခြားမှုတွေကို တွေ့ရပါလဲ။

ဖြေ။ ။ စစ်ကောင်စီကတော့ နိုင်ငံတကာမှာဖော်ပြမထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆိုးဝါးတဲ့ရက်စက် ကြမ်းကြုတ်မှုတွေရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကို တွေ့ရတယ်ပေါ့နော်။ ဥပမာ-ပြောရမယ်ဆိုရင် လူတွေကိုအပိုင်းပိုင်းခုတ်သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်တာတွေကို လုပ်နေ တယ်။ ဒါတွေက လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေကို ထိခိုက်စေတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ပေါ့နော်။ အဲတော့ ညီမျှခြင်းမြန်မာရဲ့ လေ့လာမှုတွေအရဆိုရင် ကာကွယ်ရေးတပ်ဖွဲ့တွေ အရပ်သားကာကွယ်ရေး တပ်ဖွဲ့တွေ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြောလို့ရတယ်။

သို့ပေမယ့် ရာခိုင်နှုန်းအားဖြင့် ကောက်ယူရရှိတဲ့ ရာခိုင်နှုန်းအနည်းငယ်ကသာလျှင် ဒီတော်လှန်ရေးတပ်ဖွဲ့တွေ ကနေ ကျူးလွန်တာဖြစ်ပြီးတော့ အဲဒီကျူးလွန်မှုတွေကလည်း တစ်ဦးတစ်ယောက်၊ လူတစ်ဦးချင်းစီ ကျူးလွန်တာ ဖြစ်တယ်ပေါ့နော။ စစ်ကောင်စီကကျူးလွန်သလို စစ်ပွဲရဲ့လက်နက်အနေနဲ့ အသုံးချတာမျိုး သေသေချာချာစီစဉ် ပြီးမှ ကျူးလွန်တာမျိုး မဟုတ်နေတာမျိုးကတော့ အသေအချာပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့ ကျူးလွန်မှုတွေက အများဆုံးပါပဲ။ သို့ပေမယ့်လည်းပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကိုတော့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေအနေနဲ့ အမြဲမပြတ်သတင်းပို့နေဖို့ လိုအပ်တယ်။ ဒီအရာတွေကို အမြဲမှတ်တမ်းတင်နေဖို့ လိုအပ်တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရတဲ့ အချက်တစ်ချက်ပဲဖြစ်တယ်။

မေး ။ ။ ပဋိပက္ခကာလဖြစ်နေတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့ကျဖို့နဲ့ ချိုးဖောက်ခံရသူတွေ အတွက် တရားမျှတမှုရရှိဖို့အတွက်လုပ်ဆောင်ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ အဲတော့ ပဋိပက္ခဖြစ်နေတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျှော့ချဖို့နဲ့ ချိုးဖောက်ခံရတဲ့ သူတွေအတွက် တရားမျှတမှုတွေကိုရရှိဖို့အတွက် ဘာတွေလုပ်နေသလဲဆိုတော့ ပထမတစ်ချက်အနေနဲ့ မှတ်တမ်းတွေ ကောက်ယူတယ်။ လူတွေက ဘယ်နေရာမှာ ဘယ်လိုကျူးလွန်တယ်ဆိုတဲ့ဟာကို ခိုင်မာတဲ့ သက်သေမှတ်တမ်းတွေ ကောက်ယူတယ်။ သတင်းအချက်လက်တွေ ကောက်ယူတယ်။ အဲဒီကောက်ယူရရှိတဲ့ သတင်းအချက်လက်တွေ ခိုင်မာတဲ့သက်သေတွေကို သေချာပြန်လည်စီစစ်ပြီးတော့ တရားမျှတမှုတွေကို ဖော်ဆောင်ဖို့အတွက် လုပ်ဆောင်ပေးနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့နေတယ်။

ဥပမာ-အားဖြင့်ဆိုရင် IIMM ကို ပေးပို့နေတယ်။ ဒါတွေကို ဆက်တိုက် လုပ်နေတယ်ပေါ့နော်။ နောက်တခုကတော့ ပဋိပက္ခနဲ့ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ဒါတွေလည်း ရှိနေတယ်။ ဒါတွေကိုကြတော့ အကြမ်းဖက်ခံရတဲ့သူတွေက ဖွင့်ဟပြောဆိုဖို့ မပြောရဲတာ၊ မလုပ်ရဲတာ အဲဒါတွေကတော့ တော်တော်လေး ခက်ခဲနေတဲ့ အခြေအနေမှာရှိတယ်။ တချို့တွေကတော့ တိုင်ကြားဖို့ လက်လှမ်းမမှီတာ ဘယ်လိုတိုင်ရမယ်မှန်း မသိတာ၊ ဘယ်ကိုတိုင်ရမယ်မှန်းမသိတာ ဒါကိုကြတော့ တရားမျှတမှုတွေကို ရယူနိုင်ဖို့ကြတော့ အခက်အခဲတွေ ရှိနေတယ်။

မေး။ ။ Equality Myanmar အနေနဲ့ရော ဒီစစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်ဖို့နဲ့ မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံနေရတာရှိပါလဲ။

ဖြေ။ ။ ညီမျှခြင်းမြန်မာရဲ့ မြေပြင်မှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ အချက်လက်တွေကို ကောက်ယူမှတ်တမ်းတင် ပေးပို့ရာမှာ စိန်ခေါ်ချက်တွေ အများကြီး ရှိပါတယ်။ ဥပမာ-အားဖြင့်ပြောရမယ်ဆိုရင် သတင်းအချက်လက်တွေကို သွားရောက်ကောက်ယူ မှတ်တမ်းတင်တဲ့အခါမှာ အဲဒီဒေသမှာရှိတဲ့ အာဏာပိုင်တွေက ခွင့်ပြုချက်မပေးတာမျိုး လာရောက်ခွင့်မပေးတာ၊ ကောက်ယူခွင့်မပေးတာ၊ နောက်တခါ အဲဒီဒေသမှာ သွားပြီးတော့ကောက်ယူဖို့အတွက် ကောက်ယူသူတွေရဲ့ လုံခြုံရေးကိုအာမ မခံနိုင်တာပါ။

သူတို့တွေကို စောင့်ကြည့်ခံရတာတွေ နောက်တခါမှာ အဲဒီဒေသတွေက ပဋိပက္ခဖြစ်နေတဲ့အတွက် အချိန်မရွေး လေကြောင်းက ဗုံးကြဲတာတွေ၊ စစ်ကြောင်းနဲ့တိုးတာတွေ ဒါမျိုးတွေက လုံခြုံရေးတွေမှာ အထူးတလည် အနှောင့် အယှက်ပေးနေတဲ့ အချက်တွေ ရှိတယ်။ အဲဒီအပြင်ကို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေနဲ့လည်း သူတို့ ခံစားခဲ့ရတာတွေကို ပြန်လည်ပြောပြဖို့အတွက် ခက်ခဲနေတာ၊ မပြောရဲတာ ဒါတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အချက်လက်တွေ မှတ်တမ်းတွေ ကောက်ယူသွားဖို့အတွက် ခက်ခဲနေတဲ့ အကြောင်းအရာတွေပေါ့နော်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here