မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့)

0
1968

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့) – NDAA / ESS

nda

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၈၉

ရုံးချုပ် – မိုင်းလား ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း

လှုပ်ရှားရာ နယ်မြေ – မိုင်းလား ၊ ရှမ်းပြည်နယ် (အထူးဒေသ ၄)

အင်အား – ၅,၀ဝ၀ အထက်

ဥက္ကဌ – စိုင်းလင်း (၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ကွယ်လွန်သွားခဲ့သည်)

ဒု-ဥက္ကဌ – စံဖဲ (စံပေ့)

အထွေထွေအတွင်းရေးမှူး – စဝ်ဆဲန်လ

ပြောရေးဆိုခွင့်ရှိသူ – ဦးကြည်မြင့်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပူးပေါင်းပါဝင်ထားသည့် NDAA – ESS သည် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ ၎င်းတို့၏ ထိန်းချုပ်နယ်မြေ မိုင်းလားမြို့ပေါ်တွင်ပင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အာဏာသိမ်းစစ်အုပ်စုအကြား တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှ ၃ ရက်အထိ စီစဉ်ပေးခဲ့သည်။ သို့သော် အစည်းအဝေး ဒုတိယမြောက်နေ့တွင်ပင် ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တရုတ်အစိုးရမှ ကြားဝင်စီစဉ်ပေးခြင်းဖြစ်သော်လည်း သဘောတူညီချက် တစုံတရာမရရှိဘဲ အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာချိန်တွင်တော့ NDAA – ESS အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း မည်သည့်ပဋိပက္ခတွင်မျှ ပါဝင်ခြင်း၊ စွက်ဖက်ခြင်းမျိုး ပြုမည်မဟုတ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သဘောထားကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 1

NDAA – ESS အနေဖြင့် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့်မူကိုကိုင်စွဲကာ ဘက်မလိုက် နိုင်ငံရေးရပ်တည်မှုကို ကျင့်သုံးပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရေး၊ ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအကျိုးစီးပွားကို ကာကွယ်ရေး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရေးနှင့် နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ဥက္ကဌ ဦးစိုင်းလင်းက ၂၀၂၄ ခုနှစ်အတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် NDAA-ESS အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုမျိုး (၃) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ်တွင်တော့ NDAA – ESS အနေဖြင့် ၎င်းတို့၏ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုပါသည်။

1 ထုတ်ပြန်ကြေညာချက်၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီ၊ ၁ နိုဝင်ဘာ ၂၀၂၃

ဆက်သွယ်ရန်

Website: http://www.4tzx.com/
Facebook: https://www.facebook.com/monglanewscna1976

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here