ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP/ALA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၉ ဧပြီ ၁၉၆၇ (ပထမအကြိမ်)၊ ၁ ဇွန် ၁၉၇၄ (ဒုတိယအကြိမ်) ရုံးချုပ် – အိန္ဒိယ-မြန်မာ နယ်စပ် လှုပ်ရှားရာနယ်မြေ – ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ် အင်အား – ၁၀ဝ ခန့် ဥက္ကဋ္ဌ – ခိုင်ရဲခိုင် စစ်ဦးစီးချုပ် – ဗိုလ်မှူးချုပ် ခိုင်မင်းစိုး အထွေထွေအတွင်းရေးမှူး – ခိုင်ကျော်ခိုင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှုသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တက်ကြွစွာ ပါဝင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်၊ စစ်အာဏာသိမ်းမှုသည် ALP အပေါ် များစွာသက်ရောက်မှုကြီးမားခဲ့ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော အစုအဖွဲ့နှင့် NCA အား ဆက်လက်စွဲကိုင်ကာ အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့ ဦးတည်လိုသော အစုအဖွဲ့အဖြစ် ထွက်ပေါ်စေခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်တွင် ALP ဒု-ဥက္ကဌဖြစ်သူ ဒေါ်စောမြရာဇာလင်းသည် ပါတီဥက္ကဌအဖြစ် ခံယူကာ ပါတီပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး NCA ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းကာ အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တွင် ဆက်လက်ပါဝင်ခြင်းနှင့် PPST မှ အသွင်ပြောင်းဖွဲ့စည်းခဲ့သည့် 7 – EAOs Alliance တွင် ALP ကိုယ်စား ပါဝင်နေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်တွင် ဒေါ်စောမြရာဇာလင်း၏ ပါတီ ပြန်လည်ဖွဲ့စည်းခြင်းအား တရားမဝင်ကြောင်း ဥက္ကဌခိုင်ရဲခိုင်ဦးဆောင်သည့် ALP က ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်တွင်တော့ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ သဘောထား” ဟုဆိုကာ ALP ပါတီက ထုတ်ပြန်ခဲ့ပြီး စစ်အာဏာသိမ်းမှုနှင့်အတူ NCA ၏ အနှစ်သာရနှင့် လုပ်ငန်းစဉ်များ အားလုံးနီးပါး ရပ်ဆိုင်းခဲ့ရကြောင်းနှင့် မြန်မာပြည်၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်များလည်း ပျောက်ကွယ်သွားရပြီဟု ဆိုပါသည်။ တဆက်တည်းတွင် ALP မှ ခွဲထွက်သွားသော ဒေါ်စောမြရာဇာလင်းအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေမှုများသည်လည်း ALP ပါတီနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ကြေညာခဲ့သည်။ 1 NCA လုပ်ငန်းစဉ်များသည် တိုင်းရင်းသားများလိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို မရရှိနိုင်သကဲ့သို့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်လည်း ပေါ်ပေါက်လာမည်မဟုတ်ကြောင်း ယုံကြည်သည့်အတွက် မဟာမိတ် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး ရခိုင်ပြည်တွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးတည်ဆောက်ကာ ရခိုင်ကြမ္မာ ရခိုင်ဖန်တီးနိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ချီတက်နေကြောင်း ALP က ထုတ်ပြန်သည်။ စစ်အာဏာသိမ်းကာလအတွင်း စစ်ရေး၊ နိုင်ငံရေးအရ အမြင်မတူ၊ သဘောထားကွဲလွဲမှုများဖြင့် အဖွဲ့တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့ခဲ့ရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ယခုအခါ ပါတီတွင်း စည်းလုံးမှုညီညွတ်မှု ခိုင်မာရေး ပြန်လည်တည်ဆောက်နေပြီး စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွားမည်ဟုလည်း ဆိုထားပါသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း နွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်း ALP/ALA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုများကို မမြင်တွေ့ရသေးသကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ALP အကြား ပူးပေါင်းဆောင်ရွက်သည့် စစ်ရေးအရ လှုပ်ရှားမှုများကိုလည်း မတွေ့ရှိရသေးဟု ဆိုရပါမည်။ 1 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ သဘောထားထုတ်ပြန်ချက်၊ ALP Information Bureau ၊ ၁ စက်တင်ဘာ ၂၀၂၃ ဆက်သွယ်ရန် Website – http://www.arakanalp.com/ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |