ချင်းအမျိုးသားတပ်ဦး

0
3371

ချင်းအမျိုးသားတပ်ဦး – CNF

chin national flag 1024 x 768


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ မတ် ၁၉၈၈

ရုံးချုပ် – ချင်းပြည်နယ် ထန်တလန် (ဗစ်တိုးရီးယားစခန်း)

လှုပ်ရှားရာနယ်မြေ – ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ

အင်အား – ၁,၅၀ဝ အထက်၊ တပ်မဟာ ၅ ခု

ဥက္ကဋ္ဌ – ပူးဇင်ကျုံး (Pu Zing Cung)

ဒု-ဥက္ကဋ္ဌ (၁) – ပူးထန်းနိန်းကီး (Pu thang Ning Kee)

အထွေထွေအတွင်းရေးမှူး – ဆလိုင်း တလာဟဲ (Salai Thla Hei)

ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဌမအကြိမ်မြောက် ပါတီညီလာခံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ ဌာနချုပ်ရှိရာ Victora Base ၊ ချင်းလုံမြို့တွင် ကျင်းပခဲ့သည်။ CNF ၏ ရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာ၊ နည်းဗျူဟာ၊ ချင်းအမျိုးသားတည်ဆောက်ရေးဆိုင်ရာ မူဝါဒနှင့် ချင်းအမျိုးသားတပ်ဦးတည်ဆောက်ရေး စီမံကိန်း (The Seven Programs) အပါအဝင် မူဝါဒနှင့် လုပ်ငန်းစီမံကိန်းများကို ညီလာခံအတွင်း ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်ဟု ဆိုပါသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ABSDF တို့နှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ စစ်အာဏာသိမ်းမှုသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်းဖြစ်သလို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီဟု ဆိုထားသည်။ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ စစ်တပ်အား ပြန်လည်ဖွဲ့စည်း၍ ရွေးကောက်ခံအရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့်အဝထားရန်စသည့် ဘုံနိုင်ငံရေးရည်မှန်းချက်များနှင့် ဘုံနိုင်ငံရေးရပ်တည်ချက်များကို ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 1

ထို့အပြင် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” ကိုလည်း NUG ၊ KIO/KIA ၊ KNU/KNLA ၊ KNPP/KA တို့နှင့်အတူ CNF/CNA လည် ပူးပေါင်းပါဝင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် မျှော်မှန်းကာ ဦးတည်ချက် (၆) ချက်၊ ရပ်တည်ချက် (၉) ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းညှိနှိုင်းရေးယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုလည်း ဆိုပါသည်။ 2

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ဖွဲ့စည်းထွက်ပေါ်လာသည့် ချင်းပြည် (Chinland) ကောင်စီ၊ ချင်းပြည် (Chinland) အစိုးရ၊ ချင်းပြည် (Chinland) လွှတ်တော်နှင့် တရားလွှတ်တော်တို့၏ လုပ်ငန်းစဉ်ယန္တရားများတွင် ၎င်းတို့အနေဖြင့် အစွမ်းကုန်ပံ့ပိုးကာ ချင်းပြည် (Chinland) ကို တည်ဆောက်သွားမည်ဟုလည်း (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် CNF က ကြေညာခဲ့သည်။ ချင်းပြည် (Chinland) ကောင်စီ၊ ချင်းပြည် (Chinland) အစိုးရ ထွက်ပေါ်လာခြင်းအတွက် ချင်းဒေသအတွင်းရှိ အခြားသော တော်လှန်ရေးအင်အားစုများ၏ ကန့်ကွက်ခြင်း၊ အသိအမှတ်မပြုခြင်းများ ကြုံတွေ့ရသကဲ့သို့ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် ချင်းဒေသတွင်း တော်လှန်ရေးအင်အားစုများလည်း ရှိနေပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် မေလကုန်အထိ ဖလမ်းမြို့နယ် ရိခေါဒါရ် မြို့နှင့် ဝေဘူလမြို့၊ မတူပီမြို့နယ် လိုင်လင်းပင်မြို့နှင့် ရေဇွာမြို့၊ ထန်တလန်မြို့နယ် နှာရိန်မြို့၊ ဟားခါးမြို့နယ် ဆူရ်ခွာမြို့၊ မင်းတပ်မြို့နယ် မကွီးအိမ်နူးမြို့၊ တွန်းဇံမြို့နယ် ကျီခါးနှင့် တွန်းဇံမြို့ စုစုပေါင်း မြို့ (၉) မြို့ကို CNF/CNA နှင့် နယ်မြေဒေသအလိုက် ချင်းဒေသကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ 3 အဆိုပါမြို့များအတွင်း အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဒေသခံပြည်သူများအား အခြေပြုကာ ပြည်သူ့အုပ်ချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုပါသည်။

CNF/CNA သည် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) တွင် ပါဝင်ကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိသကဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း ဆက်လက်ပါဝင်နေဆဲဖြစ်သည်။ ထို့အပြင် ချင်းပြည် (Chinland) ကောင်စီနှင့် ချင်းပြည် (Chinland) အစိုးရတွင်လည်း ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်ကာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်ဆောင်ရွက်မှုများရှိသကဲ့သို့ NUG ၏ အစိုးရအဖွဲ့အတွင်းတွင်လည်း CNF/CNA ခေါင်းဆောင်အချို့ ပါဝင်ဆောင်ရွက်လျက်သည်ကို တွေ့ရပါသည်။

1 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) နှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်၊ CNF ၊ ၁၂ အောက်တိုဘာ ၂၀၂၃
2 စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူ တကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း၊ CNF ၊ ၃၁ ဇန်နဝါရီ ၂၀၂၄
3 တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၆၁ မြို့၊ BNI-MPM၊ ၈ ဇူလိုင် ၂၀၂၄

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် ဇူလိုင် (၉) ရက်အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ၄၃ ခု ဖြစ်ပွားခဲ့ပါသည်။ CNF/CNA အနေဖြင့် CJDC စုဖွဲ့မှုတွင် ဦးဆောင်ပါဝင်နေသကဲ့သို့ CJDC အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲလျက်ရှိပါသည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

ဇိုမီးတော်လှန်ရေးအဖွဲ့ (ZRO/ZRA) နှင့် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲ (၁) ခု ဖြစ်ပွားခဲ့သလို ၂၀၂၄ ခုနှစ်အတွင်းတွင်လည်း ချင်းညီနောင်အဖွဲ့ (CB)၊ CDF-Matupi တို့နှင့် CNF/CNA အကြား တိုက်ပွဲဖြစ်ပွဲမှုများ ရှိခဲ့ပါသည်။

ဆက်သွယ်ရန်

Email – www.chinland.org ; [email protected]
Facebook – https://www.facebook.com/cnfhq

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here