21 ဇန်နဝါရီ 2025 /

See today's Peace Related News

ရခိုင်ဒေသအတွင်း စစ်ရေးအောင်မြင်မှုနှင့် စစ်ရေးစစ်နယ် အရွေ့အပြောင်းများ

နိဒါန်း

“စောစော အလံဖြူထောင်ရင် စောစော အသက်ရှင်ကျန်ပြီး မိသားစုဆွေမျိုးတွေနဲ့ တွေ့ဆုံရမှာဖြစ်သလို၊ အလံဖြူမထောင်ရင် ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးလည်း ဖြစ်မှာမဟုတ်ဘူး”

အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ရခိုင်ပြည်နယ်၏ မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (ULA/AA) ၏ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအား သတိပေးဖိတ်ခေါ်ချက်ဖြစ်သည်။ အာရက္ခတပ်တော် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ “ကျနော်တို့က တရားလည်းရှိတယ်။ ဓားလည်းရှိတယ်။ ပြတ်ပြတ်သားသား တုန့်ပြန်ရဲတဲ့ခွန်အားရှိပါတယ်” ဟူသော ပြောဆိုချက်ကို ပြန်လည်သတိရစေပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ULA/AA ၏ စစ်ရေးအောင်မြင်မှုများနှင့် စစ်ရေးစစ်နယ် အရွေ့အပြောင်းများကို အကြောင်းအချက်များ၊ အချက်အလက်များအပေါ် အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ULA/AA ၏ စစ်ရေးအောင်မြင်မှုများ

အာဏာသိမ်းစစ်ကောင်စီ၏ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၂၀ ရက် မွန်းလွဲပိုင်းတွင် အာရက္ခတပ်တော် (ULA/AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နပခ ဒု- တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းစစ်ဦးစီးဗိုလ်မှူး ချုပ်ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းမိခဲ့ပါသည်။ 1

ထိုနေ့ မနက်ပိုင်းတွင်ပင် ဂွမြို့အနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ) – ၅၆၃ တပ်ရင်းကို ULA/AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဂွမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်။ ULA/AA ၏ ဒီဇင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဂွမြို့သိမ်းတိုက်ပွဲအတွက် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေကြောင်းနှင့် စစ်ကောင်စီဘက်မှလည်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအပါအဝင် နေရာစုံမှ စစ်ကူတပ်များ ဖြည့်တင်းနေရသည်ဟု ဆိုပါသည်။ ဂွမြို့နယ်သည်လည်း မကြာခင်ရက်များအတွင်း စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးတော့မည့် ရခိုင်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့တစ်မြို့ဖြစ်သည်ဟုလည်း ULA/AA က ဆိုပါသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာခဲ့သည့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ဆန်းပိုင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိ ရခိုင်ပြည်နယ်အတွင်း (၁၈) မြို့၊ ချင်းပြည် နယ်အတွင်း (၂) မြို့၊ စုစုပေါင်း (၂၀) မြို့အထိ အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့ပါသည်။ လေ့လာတွေ့ရှိချက်အရ ULA/AA မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၂၀) ထဲတွင် မြို့နယ်အဆင့်ရှိ မြို့ (၁၄) မြို့ပါဝင်နေပြီး ရခိုင်ပြည်နယ်အတွင်း (၁၃) မြို့နယ်နှင့် ချင်းပြည်နယ်အတွင်း တစ်မြို့နယ်တို့ ဖြစ်ပါသည်။ ထို့အပြင် ပလက်ဝ၊တောင်ကုတ်၊ မြောက်ဦး၊ သံတွဲ၊ မောင်တောနှင့် အမ်းမြို့နယ်တို့သည် ခရိုင်အဆင့် ဌာနဆိုင်ရာများ ရုံးဆိုက်ရာမြို့များ ဖြစ်နေပါသည်။

မြို့နယ် (၁၇) ခုသာ ရှိသည့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၃) ခုကို စစ်ရေးအရ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည့် အာရက္ခတပ်တော်၏ စစ်ရေးလှုပ်ရှားမှုများသည် ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီး ပဲခူးတိုင်း ပြည်ခရိုင်အတွင်းရှိ ဥသျှစ်ပင်မြို့နယ်နှင့် အလွန်နီးစပ်သည့် တောင်ကုတ်မြို့နယ်၊ စစ်ကောင်စီ၏ လက်နက်စက်ရုံများ အခြေစိုက်ရာ မကွေးတိုင်းအတွင်း ဝင်ရောက်နိုင်သည့် အမ်းမြို့နယ်တို့အား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခြင်းတို့သည် နယ်နမိတ်ချင်းထိစပ်နေသည့် ဒေသများအတွင်း စစ်ရေးစစ်နယ် အရွေ့အပြောင်းများကို မြင်တွေ့ရဖွယ် ရှိနေပါသည်။

ဒေသတွင်း စစ်ရေးစစ်နယ် အရွေ့အပြောင်းများ

ULA/AA ၏ ထုတ်ပြန်ချက်ပါအတိုင်း ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်ကိုသာ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် လက်လွှတ်ဆုံးရှုံးရပါက ဂွမြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေပြီး စစ်ရေးပဋိပက္ခဖြစ်စဉ်များ နည်းပါးနေသေးသော ဧရာဝတီတိုင်းအတွင်း စစ်ငွေ့စစ်ရိပ် ကူးစပ်လာနိုင်ချေ အလွန်များသည်ဟု ဆိုရပါမည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူကာ တိုင်းစစ်ဌာန (ဧရာဝတီ) ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများဖြင့် အဆင့်ဆင့်ဖွဲ့စည်းထားပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် တိုင်းစစ်ဌာန (ဧရာဝတီ) က ထုတ်ပြန်ခဲ့သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ကာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် လက်တွဲပူးပေါင်းပြီး တိုက်ပွဲဝင်နေပြီဟုလည်း ဆိုပါသည်။

NUG ယာယီသမ္မတဒူဝါလရှီးလကလည်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့မှုအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး အာရက္ခတပ်တော် (ULA/AA) နှင့်အတူ မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် လက်တွဲပူးပေါင်းသွားမည်ဟု ဒီဇင်ဘာလ ၂၂ ရက်တွင် ကတိပြုထုတ်ပြန်ခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်၊ ၂၂ ရက်နေ့များတွင်တော့ ULA/AA ၏ မဟာမိတ်များဖြစ်သော ချင်းညီနောင် (CB) အဖွဲ့သည် ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့အား အာဏာသိမ်းစစ်အုပ်စုထံမှ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ မြို့သိမ်းတိုက်ပွဲများအတွင်း ချင်းဒေသတွင်း တော်လှန်ရေးတပ်များနှင့်အတူ Yaw Defense Force (YDF)၊ Yaw Army (YA) နှင့် NUG-MOD လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း (၃) တို့က ပူးပေါင်းပါဝင်ခဲ့ပြီး အာရက္ခတပ်တော်က လက်နက်ခဲယမ်းနှင့် စစ်ရေးအကူအညီများ ထောက်ကူပံ့ပိုးခဲ့သည်ဟု ဆိုပါသည်။ 2 ယခုအခါ မြို့နယ် (၉) မြို့နယ်သာရှိသော ချင်းပြည်နယ် ဧရိယာ၏ (၈၅) ရာခိုင်နှုန်းခန့်ကို ချင်းညီနောင်အဖွဲ့ (CB)၊ ချင်းပြည်ကောင်စီ (CC) နှင့် အာရက္ခတပ်တော် (AA) တို့က ထိန်းချုပ်ထားနိုင်ပြီဟုလည်း ဆိုပါသည်။

ဆိုရသော် အာရက္ခတပ်တော် ULA/AA အနေဖြင့် ၎င်းတို့ရည်မှန်းထားသည့်အတိုင်း ရခိုင်ပြည်နယ်တဝှမ်းလုံးကို စစ်ကောင်စီထံမှ ထိမ်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါက ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မဟာမိတ်တော်လှန်ရေးအင်အားစုများအတွက် လက်နက်ခဲယမ်းမှအစ စစ်ရေးစစ်ရာများတွင် အထောက်အကူပြုလာနိုင်ကြောင်း မင်းတပ်မြို့သိမ်းဖြစ်စဉ်က သက်သေပြလျက်ရှိပါသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်း သိပ်မကြာခင်သောကာလတွင် မြန်မာပြည်အလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုကို ယခင်ထက် ပိုမိုမြင်တွေ့လာရမည်ဟု ယုံကြည်ထားပါသည်။ 3

သုံးသပ်တင်ပြချက်

ရှမ်းမြောက်ဒေသတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဆန့်ထွက်လာသည့် အာရက္ခတပ်တော် (AA) ၏ စစ်ရေးအောင်မြင်မှုကိုကြည့်လျှင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ပလက်ဝမြို့သိမ်းဖြစ်စဉ်မှသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် အမ်းမြို့သိမ်းစဉ်အထိ မြို့ပေါင်း (၂၀) ကို တစ်နှစ်တာအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းသည် အလွန်ထင်ရှားသည့် အောင်မြင်မှုဟု ဆိုနိုင်သည်။ တဆက်တည်းတွင် မြောက်ပိုင်းညီနောင်မဟာ မိတ် (၃) ဖွဲ့ (3BH) ကဲ့သို့သော အားကောင်းသည့် စစ်ရေးအရ စုဖွဲ့မှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် နွေဦးတော်လှန်ရေးကာလအတွင်းတွင်မှ ပေါက်ဖွားလာခဲ့ကြသည့် နယ်မြေဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား စစ်ရေးစစ်ရာ၊ လက်နက်ခဲယမ်းအထိ ထောက်ကူပံ့ပိုးပေးမှုများသည် အထက်တွင်ရရှိထားသည့် အောင်မြင်မှုများကို ပိုမိုခန့်ထည်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ တရားဝင် ပူးပေါင်းဆောင်ရွက်မှုများ မမြင်တွေ့ရသေးသည့်တိုင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်သည့် အာရက္ခတပ်တော်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မျက်ကွယ်ပြုထားသည့် လုပ်ဆောင်ချက်မျိုး မမြင်တွေ့ရသေး ပေ။ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတလမ်းစဉ်၊ ရက္ခိတရည်မှန်းချက်များဖြင့် စတင်ခဲ့သည့် အာရက္ခတပ်တော်၏ အတွေးအခေါ်အရွေ့သည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးရရှိရေးနှင့် လူမျိုးစုအလိုက် အကုန်လုံးစည်းလုံးညီညွတ်ရေးဆီသို့ ဦးတည်လာနေပါသည်။

ရခိုင်ဒေသတခုလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုထားသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနာဂတ်အတွက် စဉ်းစားချက်ကို ယခုလို ပြောဆိုထားပါသည်။

“ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့ အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်” ဟူ၏။

မြို့နယ် (၁၇) မြို့နယ်သာရှိသည့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၃) မြို့နယ်အထိ နယ်မြေထိန်းချုပ်သိမ်းပိုက်ထားနိုင်သည့် အာရက္ခတပ်တော်၏ စစ်ရေးအရွေ့အတွန်းများသည် ဆက်လက် အသက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ ဧရာဝတီတိုင်းနှင့် နယ်ချင်းထိစပ်နေသည့် ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေအပါအဝင် တရုတ်စီမံကိန်းရှိရာ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့သည် စစ်ငွေ့စစ်ရိပ်များ ရစ်သန်းစပြုနေပြီဖြစ်သည်။

အာရက္ခတပ်တော်၏ စစ်ရေးအောင်မြင်မှုများကို လာမည့် ၂၀၂၅ ခုနှစ်အတွင်းတွင်လည်း ဆက်လက်မြင်တွေ့ရဖွယ်ရှိသည်။ ယင်းသို့ အောင်မြင်မှုများနှင့်အတူ နယ်ချင်းစပ်ဒေသများဖြစ်သည့် ချင်း၊ မကွေး၊ ဧရာဝတီနှင့် ပဲခူး စသည့် ဒေသများသည် စစ်ငွေ့စစ်ရိပ်များ ကြဲပြန့်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

“စောစောအလံဖြူထောင်ရင် စောစောအသက်ရှင်ကျန်ပြီး မိသားစုဆွေမျိုးတွေနဲ့ တွေ့ဆုံရမှာ ဖြစ်သလို၊ အလံဖြူမထောင်ရင် ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးလည်း ဖြစ်မှာမဟုတ်ဘူး”။

1 အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA အပြတ်သိမ်းပိုက်၊ နိရဉ္စရာ၊ ၂၀ ဒီဇင်ဘာ ၂၀၂၄
2 ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ကြောင်း ချင်းညီနောင်အဖွဲ့ ပြော၊ အာအက်ဖ်အေ၊ ၂၃ ဒီဇင်ဘာ ၂၀၂၄
3 မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ် ၊ ဧရာဝတီ၊ ၂၁ စက်တင်ဘ ၂၀၂၄

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA