21 ဇန်နဝါရီ 2025 /

See today's Peace Related News

တော်လှန်အင်အားစု၏ သဘောထားကို သွေးတိုးစမ်းလာသည့် စစ်အုပ်စု၏ လက်နက်စွန့်ရေး ကမ်းလှမ်းချက်

နိဒါန်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စိတ်ပိုင်းဖြတ်ထားကြသည့် တော်လှန်ရေးအင်အားစုများအား လက်နက်စွန့်၍ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းသို့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းသည် စစ်အုပ်စု၏ စိတ်ကူးလေလွင့်နေခြင်းကို ထင်ရှားစေပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် ဖိတ်ခေါ်ကမ်းလှမ်းချက်ကို လေ့လာကြည့်ပါက ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေခြင်းသည်သာ အမှန်ဖြစ်ပြီး ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေခြင်းကို ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများ၏ လုပ်ရပ်များသည် မှားယွင်းနေသည်ဟု ယုံကြည်နေဟန်ရှိပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အုပ်စု၏ လက်နက်စွန့်ရေးကမ်းလှမ်းချက်နှင့် တော်လှန်ရေးအင်အားစုများ၏ သဘောထားတုံ့ပြန်ချက်များကို လက်လှမ်းမီသမျှ ချဉ်းကပ်တင်ပြသွားပါမည်။

လက်နက်စွန့်ရေး ကမ်းလှမ်းချက်

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် စစ်အုပ်စုက ထုတ်ပြန်ခဲ့သည့် “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း” 1 တွင် အချက် (၃) ချက်ပါဝင်ပြီး ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေမှုသည် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း နံပါတ် (၁) အဖြစ် ဖော်ပြထားသည်။

နံပါတ် (၂) အချက်အဖြစ် ၎င်းတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါအတိုင်း အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး ထွက်ပေါ်လာမည့်အစိုးရအား အာဏာလွှဲပေးရန် ဦးတည်ဆောင်ရွက်နေသော်လည်း တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်စွဲကိုင်တော်လှန်နေသည့်အတွက် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် အဟန့်အတားဖြစ်ခဲ့ရသည်ဟု ဆိုထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းကြောင်းကို နံပါတ် (၃) အချက်တွင် ဖော်ပြထားသည်။

(ဖော်ပြပါအချက် (၃) ချက်ကို စစ်အုပ်စု၏ ထုတ်ပြန်ချက်မှတဆင့် လိုရင်းကို ထုတ်နှုတ်တင်ပြထားခြင်းသာဖြစ်ပြီး မူရင်းဖိတ်ခေါ်စာပါ ငြိမ်းချမ်းရေးသဘောမဆောင်သော စကားလုံးအသုံးအနှုန်းများ၊ တဖက်သတ် စွပ်စွဲပြစ်တင်ချက်များကို ရှောင်ရှားထုတ်နှုတ်ထားခြင်းဖြစ်ပါသည်)

(၃) နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီးဖြစ်သည့် စစ်အာဏာသိမ်းကာလအတွင်း ၎င်းတို့အားဆန့်ကျင်သော အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းအပါအဝင် နေ့စဉ်နှင့်အမျှ နိုင်ငံတဝှမ်း လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ၊ အရပ်သားပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စသော ၎င်းတို့၏ လုပ်ရပ်များအားလုံးကိုမူ စစ်အုပ်စု၏ ဖိတ်ခေါ်ကမ်းလှမ်းချက်တွင် တလုံးတပါဒမျှ ပါဝင်လာခြင်းမရှိပေ။

ဟန်ပြဖိတ်ခေါ်စာအတွက် တော်လှန်သဘောထား

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အုပ်စု၏ ကမ်းလှမ်းချက်အား “ဟန်ပြဖိတ်ခေါ်စာ” ဟု သုံးသပ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs) များ၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-LDF) အကြား သပ်သျှိုသွေးခွဲဖြိုခွဲရန်အတွက် အားထုတ်မှုတရပ်သာဖြစ်ကြောင်း၊ ယင်းသပ်သျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာထားရှိကြရန် အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်တိုက်တွန်းခဲ့သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသုံးကာ ပြုလုပ်လာမည့် မည်သည့် နိုင်ငံရေးလမ်းကြောင်းကိုမျှ လက်မခံသကဲ့သို့ စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် ရွေးကောက်ပွဲကိုလည်း လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUG က ပူးတွဲထုတ်ပြန်ထားပါသည်။ 2

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်အုပ်စု၏ ဖိတ်ခေါ်ကမ်းလှမ်းချက်သည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဆိုပါသည်။ တော်လှန်ရေးအင်အားစုများ ပူးပေါင်းထုတ်ပြန်ထားသည့် “စစ်တပ်အနေဖြင့် နိုင်ငံရေးကို စွန့်လွှတ်၍ အနာဂတ် အရပ်သားအစိုးရအောက်၌ အမှုထမ်းရန်၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် အသစ်ရေးဆွဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့အနေဖြင့် လက်ခံရန်နှင့် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို တာဝန်ခံရန်” ဟူသော ဘုံသဘောရပ်တည်ချက် (၃) ချက်ကို စစ်ကောင်စီအနေဖြင့် လက်ခံပါက ဆွေးနွေးပွဲ ချက်ချင်းလုပ်ဆောင်နိုင်သည့်အထိ လမ်းဖွင့်ထားကြောင်း ပဒိုစောတောနီးက ပြောပါသည်။ 3

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင်မှ စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးကလည်း စစ်အုပ်စုအနေဖြင့် ၎င်းတို့အပေါ် အကြမ်းဖက်အဖွဲ့ကြေညာထားချက်ကို ပယ်ဖျက်ရမည်။ ထို့အပြင် ၎င်းတို့ကျူးလွန်ထားသည့် အကြမ်းဖက်မှု၊ ရာဇဝတ်မှုများအတွက် ကျူးလွန်ကြောင်း ဝန်ခံလာမှသာ ဆွေးနွေးရေးအတွက် တနည်းတဖုံစဉ်းစားမည်ဟု ဆိုပါသည်။ 4

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုသည် အောက်တိုဘာလ ၁ ရက်မှစတင်ပြီး နိုင်ငံအတွင်း ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် မြို့ရွာ၊ ရပ်ကွက်များမှစတင်၍ သန်းခေါင်စာရင်းကောက်ယူခြင်းကို စတင်နေသကဲ့သို့ လားရှိုးမြို့ကဲ့သို့သော တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သိမ်းပိုက်ထားသည့် နယ်မြေများအပေါ် လေကြောင်းမှတဆင့်‌ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိပါသည်။

တဆက်တည်းတွင် စစ်အုပ်စုထောက်ခံသည့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များ၏ ထောက်ခံအားပေးမှုကိုရယူကာ ၎င်းတို့၏ အာဏာသိမ်းကာလအတွင်း ရနိုင်သမျှသောနည်းလမ်းဖြင့် ရွေးကောက်ပွဲကျင်းပရန် စိတ်ပိုင်းဖြတ်ထားပုံရပါသည်။ ထို့အပြင် ရွေးကောက်ပွဲကျင်းပရေးအပါအဝင် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် 5 ကို ထောက်ခံအားပေးလျက်ရှိသည့် တရုတ်အစိုးရ၏ ကျားကန်ထောက်ကူမှုကိုရယူကာ နိုင်ငံတကာအစိုးရများ၏ အသိအမှတ်ပြုမှုရရှိရေးကိုလည်း မျှော်လင့်နေဟန်ရှိပါသည်။

စစ်အုပ်စု၏ လက်နက်စွန့်ရန် ကမ်းလှမ်းချက်ကို လေ့လာကြည့်ပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ချန်လှပ်ထားခဲ့ပြီး EROs များနှင့် PDF-LDF များကိုသာ ဦးတည်ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် စစ်အုပ်စု၏ ဖိတ်ခေါ်စာသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စိတ်ပိုင်းဖြတ်ထားကြသည့် EROs များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် NUG အကြား သပ်သျှိုသွေးခွဲရန် ကြိုးပမ်းထားသည်ဟု ဆိုနိုင်ပါသည်။

တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးအရ ဘုံသဘောထားရပ်တည်ချက်များရရှိရေး၊ စစ်ရေးအရ ခိုင်မာအားကောင်းသည့် မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုများ စသည့် စည်းနှောင်မှုများသည် ပိုမိုအားကောင်းရန် အထူးလိုအပ်လာပြီဟု ဆိုရမည်ဖြစ်သည်။

စစ်အုပ်စု၏ လက်နက်စွန့်ရေးကမ်းလှမ်းချက်သည် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုစည်းညီညွတ်မှုအင်အားနှင့် ဘုံသဘောထားရပ်တည်ချက်များကို ယိုင်နဲ့ပြိုလဲစေရန်အတွက် သွေးတိုးစမ်းသည့်လုပ်ရပ်တခုဖြစ်ကြောင်း ရှုမြင်ရပါသည်။

1 နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ၂၆ စက်တင်ဘာ ၂၀၂၄
2 တရားမဝင် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုနှင့် စပ်လျဉ်း၍ NUCC နှင့် NUG တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်း ကော်မတီ၏ သဘောထားထုတ်ပြန်ချက်၊ NUG၊ ၁ အောက်တိုဘာ ၂၀၂၄
3 စစ်ကောင်စီ ဖိတ်ခေါ်ချက် “ယုံကြည်စရာ မရှိ”၊ KIC ၊ ၂၇ စက်တင်ဘာ ၂၀၂၄
4 စစ်ကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်၊ အာအက်ဖ်အေ၊ ၂၇ စက်တင်ဘာ ၂၀၂၄
5 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ NPE ၊ ၃၁ သြဂုတ် ၂၀၂၄

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA