21 ဇန်နဝါရီ 2025 /

See today's Peace Related News

ကျရှုံးစစ်အုပ်စုဘက်မှ တရုတ် ဘာကြောင့် ရပ်တည်သလဲ

နိဒါန်း

သမ္မတရှီကျင်းဖျင်ဦးဆောင်သည် တရုတ်အစိုးရသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုဘက်မှ အစဉ်တစိုက် ရပ်တည်ခဲ့သည်ဟု ဆိုရပါမည်။ တရုတ်အစိုးရသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသည့် မြန်မာပြည်သူလူထု၏ ဟစ်အော်သံများကို လစ်လျူပြုထားနိုင်သည့်တိုင် စစ်အုပ်စုကိုမူ နိုင်ငံတကာဇာတ်ခုံပေါ်တွင်တမျိုး၊ ပြည်တွင်းအခင်းအကျင်းများတွင်တဖုံ နည်းလမ်းမျိုးစုံဖြင့် ထောက်ကူပံ့ပိုးလျက်ရှိပါသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအထိ ဦးတည်ကာ တော်လှန်ရေးအင်အားစုများဘက်မှ အရှိန်အပြင်းပြင်းမောင်းနှင်ရန် ပြင်ဆင်နေသည့်ကာလများတွင်လည်း တရုတ်အစိုးရသည် မြန်မာ့အရေးနှင့်ပတ်သက်လျှင် “ပြည်တွင်းရေး ဝင်မစွက်” ဟူသည့်ဘက်တွင်ရပ်ကာ စစ်အုပ်စုနှင့်သာ အလွန်းသင့်နေခဲ့ပါသည်။

ရှမ်းမြောက်ဒေသမှစတင်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် တရုတ်အစိုးရနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် များစွာတုန်လှုပ်စေခဲ့ပါသည်။ တဆက်တည်းတွင် အခြားသောတော်လှန်ရေးအင်အားစုများ၏ နယ်မြေဒေသအလိုက် ဟန်ချက်ညီထိုးစစ်ဆင် လှုပ်ရှားမှုများသည်လည်း မြန်မာပြည်အတွင်း ၎င်းတို့၏ အကျိုးစီးပွားအတွက် စောင့်ကြည့်နေသော တရုတ်အစိုးရကို မျက်ခုံးလှုပ်စေခဲ့သည်ဟု ဆိုရပါမည်။ သို့နှင့်တိုင် နိုင်ငံတဝှမ်း မြို့ပေါင်း (၈၆) မြို့ကို တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်အုပ်စုဘက်တွင် ပြတ်ပြတ်သားသားရပ်တည်ပြလာသည့် တရုတ်အစိုးရ၏ ခြေလှမ်းများသည် စိတ်ဝင်စားဖွယ် မြင်တွေ့လာရသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် ဘက်ပေါင်းစုံမှ ချိနဲ့ကျရှုံးနေသော အာဏာသိမ်းစစ်အုပ်စုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပြလာရသည့် တရုတ်အစိုးရ၏ ခြေလှမ်းများကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

စစ်ကောင်စီအတွက် ယွမ်ဘီလီယံချီ အကူအညီ

အာဏာသိမ်းစစ်ကောင်စီသည် တရုတ်ယွမ်ငွေ တစ်ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်) ကုန်ကျမည့် စီမံကိန်း (၂၀) ကျော်ကို တရုတ်အစိုးရပေးမည့် အကူအညီများဖြင့် လည်ပတ်မည်ဟု ဆိုပါသည်။ အဆိုပါ အမေရိကန်ဒေါ်လာသန်း (၁၃၀) ကျော်ထဲမှ ၁၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် တရုတ်ယွမ် သန်း (၁၅၀) ကျော်ကို သန်းခေါင်စာရင်း ကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ အချက်အလက်စစ်ဆေးခြင်းနှင့် စာရင်းကောက်ယူ၍မရသည့်ဒေသများမှ လူဦးရေအတွက်ခန့်မှန်းခြင်းတို့တွင် အသုံးပြုသွားမည်ဟု ဆိုပါသည်။ 1

မြန်မာနောင်းသတင်းဌာန၏ တွေ့ရှိဖော်ထုတ်ချက်အရ အာဏာသိမ်းစစ်အုပ်စုဘက်မှ တရုတ်အစိုးရထံ အကူအညီပေးရန် တောင်းဆိုထားသည့်နောက်ထပ်စီမံကိန်းပေါင်း (၇၇) ခုအထိရှိပြီး ထိုအထဲတွင် ရာနှင့်ချီသည့် ရဲကားများနှင့် စစ်ဆေးရေးဂိတ်များတွင် အသုံးပြုမည့် မျက်နှာသွင်ပြင်မှတ်တမ်း တိုက်ဆိုင်စစ်ဆေးသည့်စနစ်များလည်း ပါဝင်သည်ဟု ဆိုပါသည်။ အထက်ဖော်ပြပါ စီမံကိန်းများအားလုံးအတွက် ကုန်ကျစရိတ်သည် တရုတ်ယွမ်ငွေလေးဘီလီယံ (အမေရိကန်ဒေါ်လာသန်း ၅၅၀ကျော်) အထိရှိကြောင်း ဖော်ထုတ်ထားပါသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်၊ ကူမင်းမြို့၊ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်း (Mr. Li Qiang) က ရွေးကောက်ပွဲကျင်းပရေးအပါအဝင် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ထောက်ခံကြောင်းနှင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက်လည်း ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်ရေး အရေးကြီးကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း မစ္စတာလီက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်က ရပ်တည်သည့် တရုတ်အစိုးရသည် မြန်မာနိုင်ငံအရေးနှင့် စစ်အုပ်စုအရေးကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသေးဟု ဆိုရမည်ဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုဘက်မှ ရပ်တည်ထောက်ကူကာ စစ်အုပ်စုအာဏာရှည်ကြာရေးအတွက် လိုအပ်သည့် အစီအမံများ၊ အစီအစဉ်များကို တဆင့်ချင်း ပြင်ဆင်လျှောက်လှမ်းလာသည်ကို တွေ့ရပါသည်။

တရုတ်အကျိုးစီးပွား လုံခြုံရေး အစီအမံ

အာဏာသိမ်းစစ်ကောင်စီသည် တရုတ်အစိုးရအဆိုပြုထားသည့် မြန်မာနိုင်ငံအတွင်း နှစ်နိုင်ငံအကျိုးတူ လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရန် လုပ်ငန်းကော်မတီတရပ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားသည်။ ပြည်ပမှ တင်သွင်းလာမည့် လက်နက်များ၊ အထူးကိရိယာတန်ဆာပလာများ (ဆက်သွယ်ရေးစက်များအပါအဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့် စပ်လျဉ်း၍ မည်သို့မည်ပုံတင်သွင်းခြင်း၊ သုံးစွဲခြင်းကိစ္စရပ်များ၊ အချုပ်အခြာအာဏာ ထိပါးနိုင်ခြင်းရှိ/မရှိ စိစစ်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေး စိစစ်ခြင်း၊ လုံခြုံရေးကုမ္ပဏီတည်ထောင်ပြီးစီးပါက ယင်းကုမ္ပဏီမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာကိစ္စရပ်များအပါအဝင် တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုရှိပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ခြင်း စသည့်အကြောင်းအရာများကို နားလည်မှုစာချွန်လွှာတွင် ထည့်သွင်းဖြည့်စွက်ရန် လို/မလိုဆိုသည့် ကိစ္စရပ်များအပေါ် အဆိုပါကော်မတီအား တာဝန်ပေးခဲ့သည်။ 2

စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေးနှင့် ပြည်သူလူထုထောက်ခံအားပေးမှုစသော ဘက်ပေါင်းစုံမှ ကျရှုံးယိုင်နဲ့လာသည့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အပေါ် ယုံကြည်မှုကျဆင်းလာသော တရုတ်အစိုးရ၏ ထောက်ခံမှုပြန်လည်ရရှိရေးအတွက် တရုတ်အစိုးရအဆိုပြုသည့် လုံခြုံရေးကုမ္ပဏီကို ခွင့်ပြုကာ အလဲအထပ်၊ အလောင်းအစားပြုလုပ်လာခြင်းဖြစ်ကြောင်း ထောက်ရှုနိုင်ပါသည်။

အကြောင်းမူ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်ကပင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျကာကွယ်‌ပေးရန် မစ္စတာဝမ်ယိက သတိပေးခဲ့သည်မဟုတ်ပါလား။ ထို့အပြင် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia) နှင့် တွေ့ဆုံစဉ်ကလည်း မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် အစွမ်းကုန် ကာကွယ်ပေးသွားမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ကတိပြုခဲ့သည်။

ထို့ကြောင့် ၎င်း၏ နိုဝင်ဘာလ ၆ ရက်၊ ကူမင်းခရီးစဉ်မတိုင်ခင် တရုတ်အစိုးရအဆိုပြုထားသည့် နှစ်နိုင်ငံအကြား အကျိူးတူလုံခြုံရေးကုမ္ပဏီ ထူထောင်ရေးကိစ္စကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အခြားတဖက်တွင်တော့ တရုတ်အစိုးရသည် နယ်စပ်ဒေသတည်ငြိမ်ရေးဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု (ERO) များ၏ စစ်ရေးအရှိန်အဟုန်များ ရပ်တန့်ရေးအတွက် ဖိအားပေးလျက်ရှိပြီး အပစ်ရပ်ရေး၊ တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းလျက်ရှိပါသည်။ 3 တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီးပွားရေးစီမံကိန်းကြီးများအပါအဝင် အကျိုးစီးပွားကာကွယ်ရေးအတွက် စစ်အုပ်စု အာဏာတည်မြဲမှသာ လုံခြုံမည်ဟု ယုံကြည်နေပုံရပြီး အခြားတဖက်တွင်တော့ တော်လှန်ရေးအင်အားစုများဘက်မှ အနိုင်ရရှိသွားမည်ကို စိုးရွံ့ကြောင့်ကျနေပုံရပါသည်။

ထို့ကြောင့်သာ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအင်အားစုများနှင့် ERO များအကြား ပေါင်းစည်းမည့်အခြေအနေမျိုးကို လက်သင့်မခံလိုသည့်သဘောများ ပြသနေခြင်းဖြစ်ပါသည်။ ဥပမာ – ကိုးကန့်ဒေသကို ကျော်လွန်ပြီး လားရှိုးမြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ သဘောထားထုတ်ပြန်ချက် 4 ကို ကြည့်လျှင် တရုတ်အစိုးရ၏ စိတ်ဆန္ဒကို ပေါ်လွင်စေပါသည်။

လားရှိုးမြို့အား အာဏာသိမ်းစစ်ကောင်စီထံ ပြန်အပ်ရန်အတွက် MNDAA ခေါင်းဆောင် ဖုန်တာရွှင်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းတို့ကိုပင် နေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးကာ အကြပ်ကိုင်ဖိအားပေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 5 တရုတ်အစိုးရ၏ ဖိအားနှင့် ပြည်သူလူထုအတွက်ဟုဆိုကာ ညီနောင်မဟာမိတ် (၃) ဖွဲ့အနက်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီနှင့် ဆွေးနွေးမည့်အကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က ထုတ်ပြန်ပါသည်။ 6

သို့သော် တော်လှန်ရေးအင်အားစုများအား ဖိအားပေးခြင်းနှင့် စစ်အုပ်စုအား သူကောင်းပြုထောက်ကူခြင်းတို့ကို တပြိုင်နက် အရှိန်မြှင့်လုပ်ဆောင်လာသည့် တရုတ်အစိုးရ၏ အကျိုးစီးပွားလုံခြုံရေးအစီအမံများသည် အလုပ်ဖြစ်နိုင်ချေနည်းပါးသကဲ့သို့ စစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းရေးအတွက်မူ အထောက်အကူပြုနိုင်ချေ အလွန်နည်းပါးသည်ဟု ဆိုရပါမည်။

သုံးသပ်တင်ပြချက်

အထက်တွင် တင်ပြခဲ့သည့်အတိုင်း အာဏာသိမ်းစစ်ကောင်စီအား ထောက်ကူပံ့ပိုးမှုများနှင့် အကျိုးစီးပွားလုံခြုံရေးအတွက် ပြင်ဆင်လှုပ်ရှားမှုများကိုကြည့်လျှင် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများ ရေရှည်တည်တံ့နိုင်ရေးနှင့် တရုတ်ဝန်ထမ်းများအပါအဝင် စီးပွားရေး စီမံကိန်းများ လုံခြုံရေးသည် စစ်အုပ်စုအာဏာတည်မြဲရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ယုံကြည်နေဟန်ရှိပါသည်။ ထို့ကြောင့်သာ အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အလုံးစုံပုံအောကာ လောင်းကြေးထပ်ထားပြီး လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကကဲ့သို့ စစ်ယူနီဖောင်းချွတ်အစိုးရတရပ်ကို အသွင်ကူးပြောင်းနိုင်ရေး မျှော်လင့်နေခြင်းဖြစ်သည်ဟု ဆိုရပါမည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှ အာဏာသိမ်းစစ်အုပ်စု၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ဖော်ဆောင်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်မှုကို အခိုင်အမာထောက်ခံအားပေးကြောင်း တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်အား ပြောဆိုထားပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စဂျူလီယာဗစ်ရှော့ (Ms. Julie Bishop) နှင့် တွေ့ဆုံစဉ်ပင် ထိုအကြောင်းကို အလေးပေး ဖောက်သည်ချခဲ့ပါသေးသည်။

သို့နှင့်တိုင် ERO များအား ဖိအားပေးအကြပ်ကိုင်ကာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးစေခြင်း၊ အပစ်ရပ်ရေး အတင်းအကြပ်စေ့စပ်ပေးခြင်း၊ အာဏာသိမ်းစစ်အုပ်စု၏ ငြိမ်းချမ်းရေးစိတ်ဆန္ဒအပေါ် အကဲဖြတ်နိုင်စွမ်းနှိမ့်ပါးခြင်း စသော အကြောင်းအရင်းခံများသည် တရုတ်အစိုးရ၏ အကျိုးစီးပွားလုံခြုံရေးအတွက် ဆူးညောင့်ခလုပ်များ ဖြစ်လာစေနိုင်ပါသည်။ ဟိုင်ဂင်သဘောတူညီချက်ကို ထောက်ရှုကြည့်ပါကာ တရုတ်အစိုးရအနေဖြင့် သင်ခန်းစာယူသင့်ပါသည်။

မည်သို့ဆိုစေ စစ်အာဏာသိမ်းကာလအတွင်း မြို့‌ပေါင်း (၈၆) မြို့အထိ တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးထားရပြီး တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်တပ်စခန်း၊ ရဲကင်းကအစ ရာထောင်ချီကာ အရှုံးကြီးရှုံးနေသည် အာဏာသိမ်းစစ်အုပ်စုဘက်တွင် ပြတ်ပြတ်သားသားရပ်တည်ရသည့် တရုတ်အစိုးရ၏ လုပ်ရပ်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။

အခြားတဖက်တွင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များအပါအဝင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လျှောက်လှမ်းနေကြသော တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုခွန်အားကို ပြက်ရယ်ပြုနေသည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများလုံခြုံရေးအတွက် တော်လှန်ရေးအင်အားစုများအပေါ် ယုံကြည်စိတ်ချရသည့်လက္ခဏာမျိုး မမြင်တွေ့ရသေးသည့်အတွက်ကြောင့်သာ ဘက်ပေါင်းစုံမှချိနဲ့နေသည့် စစ်အုပ်စုအား ထောက်ကူပံ့ပိုးရေးကို တရုတ်အစိုးရမှ ရွေးချယ်သွားခဲ့သည်ဟုဆိုလျှင် လွန်ဖွယ်မရှိပေ။

တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်း (Mao Ning) ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ရေးအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ တရားလိုရှေ့နေ၏ တောင်းဆိုလျှောက်လဲချက်ကိုပင် နိုဝင်ဘာလ ၂၈ ရက်၊ ပေကျင်းမြို့ရှိ သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်သွားခဲ့ပါသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှုကိုလွှဲပြောင်းပေးတာမဟုတ်ရင် ရောမဥပဒေစာချုပ်မှာ လက်မှတ်မထိုးထားတဲ့နိုင်ငံနဲ့နယ်မြေတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါဘူး” ဟူ၏။

1 စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်၊ မြန်မာနောင်း၊ ၂၁ နိုဝင်ဘာ ၂၀၂၄
2 မြန်မာ-တရုတ် နှစ်နိုင်ငံ ဖက်စပ်လုံခြုံရေးကုမ္ပဏီ တည်ထောင်နိုင်ရန် စစ်ကောင်စီ လုပ်ဆောင်နေ၊ မဇ္ဈိမ၊ ၁၃ နိုဝင်ဘာ ၂၀၂၄
3 “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းနှင့် တရုတ်အစိုးရ၏ အတိုးအလှုပ်များ၊ BNI-MPM၊ သြဂုတ်လ ၂၀၂၄
4 NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်း၊ မန္တလေးနှင့်တောင်ကြီးကို စစ်ဆင်မည်မဟုတ်ဟု MNDAA ထုတ်ပြန်၊ မဇ္ဈိမ၊ ၁၉ စက်တင်ဘာ ၂၀၂၄
5 MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင်၊ လူထုနွေဦး၊ ၁၈ နိုဝင်ဘာ ၂၀၂၄
6 တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ TNLA ပြော၊ အာအက်ဖ်အေ၊ ၂၅ နိုဝင်ဘာ ၂၀၂၄

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA