15 ဧပြီ 2025 /

See today's Peace Related News

သတင်းNMSP က နေပြည်တော်ဆွေးနွေးပွဲသည် ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဟုပြောဆို

NMSP က နေပြည်တော်ဆွေးနွေးပွဲသည် ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဟုပြောဆို

စစ်ကောင်စီ၏ဦးဆောင်မှုဖြင့် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ၏ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နိုင်အောင်မငေးက ပြောဆိုသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။

NMSP ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးက “၃ ရက်တာ ဆွေးနွေးချက်အပေါ်မှာ ပြန်သုံးသပ်လိုက်မယ်ဆိုရင် အများကြီးတော့ အထောက်အကူဖြစ်တာပေါ့လေ။ ဘာလို့ဆို ရှေ့ဆက်မှာ ကျနော်တို့က ငြိမ်းချမ်းရေးအတွက် ရေရှည်ငြိမ်းချမ်းရေးတည်တံ့ဖို့အတွက် ကျနော်တို့အတွက် အထောက်အကူအများကြီးဖြစ်တယ်။ တစ်ခုရှိတာက ကျနော်တို့ ဒီဆိုက်မှာပေါ့နော် ငြိမ်းချမ်းရေးရယ်၊ တည်ငြိမ်ရေးရယ်၊ နောက်တစ်ခုက ဖွံ့ဖြိုးရေးလား တစ်ခုနဲ့တစ်ခုက ဆက်စပ်နေတာလေ” ဟု ပြောသည်။

အဆိုပါ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာတက်ရောက်ရသည့်အတွက် မိမိတို့အား အများကြီး အထောက်အကူ ဖြစ်စေသည့်အပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေများ၊ လုံခြုံရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

တဖက်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် အခြေအနေမျိုးတွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်မှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မည့် လုပ်ရပ်များဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောဆိုလျက်ရှိသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ရခဲ့ကြောင်း ဆွေးနွေးပွဲမှတဆင့် တာဝန်ရှိသူများက အကောင်အထည်ဖော်နိုင်မှုများ လုပ်ဆောင်နိုင်လေကောင်းလေဟု ယုံကြည်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောစိန်ဝင်းက ယခုလို ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ အဓိကပါဝင်ဆွေးနွေးတာလေးတွေ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက်က အဓိက ယုံကြည်မှုတည်ဆောက်ရင်းနဲ့ တွေ့ဆုံဆွေးနွေး အားလုံးပါဝင်တဲ့အခင်းအကျင်းတစ်ခုကို သွားသင့်တယ်လို့ ကျနော်တို့ ပါဝင်ဆွေးနွေးခဲ့တာ။ အခုမှ စတင်ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းမျိုးမှာ ဒီမှာ အမြင်သဘောထားတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ရခဲ့တယ်” ဟု စောစိန်ဝင်းက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသော စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့၏ လက်နက်ကိုင်တိုက်ပွဲအတွင်း စစ်ကောင်စီက အဘက်ဘက်ကအရေးနိမ့်လျက် ရှိနေသည်။

တဖက်တွင်လည်း စစ်ကောင်စီက အရပ်သားများကိုပစ်မှတ်ထား၍ နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက် ရှိနေသည်။

IMNA ပေးပို့သည်။