သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့အခြေစိုက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပါဝင်သည့် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း NDAA အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
“ဒါက စတုတ္ထအကြိမ်မြောက် ဖြစ်သွားပြီ၊ သူတို့ဟာ တပ်ထဲမှာ ဒေသထဲမှာ လုပ်ငန်းတွေ ထူးချွန်တဲ့သူတွေ ဖြစ်တယ်၊ အလားအလာကောင်းတယ် ဆိုပြီးတော့ ဒီသင်တန်းကို တက်ရတယ်။ သူတို့ သင်တန်းတက်ပြီး အရည်အချင်း မြင့်တင်ပြီးတဲ့အခါ သူတို့ကို တခြားပိုပြီး အရေးကြီးတာဝန်တွေ ပေးအပ်တဲ့အခါ သူတို့ လုပ်နိုင်အောင် သင်တန်းပေးတဲ့ သဘောပေါ့Ó ဟု NDAA အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
စတုတ္ထအကြိမ်မြောက် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၁ ရက်နေ့က NDAA မိုင်းလားတပ်ဖွဲ့ အခြေစိုက်လှုပ်ရှားရာ မိုင်းလားမြို့ စစ်သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
NDAA ၏ ကေဒါအရာရှိငယ် သင်တန်းသည် ၂၁ လ ကြာမြင့်ပြီး NDAA တပ်ဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ်များမှ အလှည့်ကျဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်း ဦးကြည်မြင့်က ဆက်ပြောသည်။
အဆိုပါ NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲကို ဒုတိယဥက္ကဌ Wu SnagBai ၊ လက်ထောက်တပ်မှူး Li ZhengLong၊ အထူးဒေသ အုပ်ချုပ်ရေးအစိုးရ Yan Xiang La နှင့် အထွေထွေ အတွင်းရေးမှူး Ah Liu နှင့် တခြားတာဝန်ရှိ ပုဂ္ဂိုလ်များစွာလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်း ကေဒါ အရာရှိငယ် သင်တန်းဆင်းပွဲတွင် ဒုတိယဥက္ကဌ Wu SangBai မှ အရေးကြီးလမ်းညွှန်စကား ပြောကြားပြီး၊ သင်တန်းသားများမှ ကိုယ်စားလှယ်တစ်ဦး ကျေးဇူးတင်စကား ပြောဆိုခဲ့ကြောင်း မိုင်းလား Wechat Channel လူမှုကွန်ရက်စာမျက်နှာတွင်လည်း ထုတ်ပြန်ထားသည်။
“သင်တန်းသား ၁၄၁ ဦး အားလုံး သင်တန်းကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်၊ အဲ့ထဲက သင်တန်းသား ၂ ဦးက စံပြ ထူးချွန်ဆု ချီးမြှင့်ခံရပြီး၊ နောက်ထပ် သင်တန်းသား ၁၆ ဦးက ထူးချွန်ဆု ချီးမြှင့်ခံရတယ်။ ကျန်တဲ့သင်တန်းသား တွေ အားလုံးကလည်း သင်တန်းပြီးမြောက်ကြောင်း ဘွဲ့လက်မှတ်တွေရရှိတယ်Ó ဟု မိုင်းလား Wechat Channel က ထုတ်ပြန်ပြောဆိုထားသည်။
သင်တန်း အောင်မြင်ပြီးဆုံးသွားသည့် NDAA ကေဒါ အရာရှိငယ်များသည် မိမိတို့ သင်ယူခဲ့သော အရည်အချင်းများ ကို သတ္တိရှိရှိ အသုံးချတတ်ရန်လိုအပ်ပြီး၊ ကျိုးနွံသော၊ မောက်မာမှု မရှိသော အလုပ်ပုံစံကို ထိန်းသိမ်းထားရန်၊ အရည်အချင်း ပြည့်မှီသော စစ်သူကြီး ဖြစ်လာရန် ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း Wechat Channel ၏ ထုတ်ပြန်ချက်အရ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။