မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီဆည်မြောင်းဌာန၏ တာဝန်ပျက်ကွက်မှုများကြောင့် ယခုဇွန်လအတွင်း စိုက်ပျိုးကြသည့် မိုစပါးရေနစ်ဆုံးရှုံးသွားတာကြောင့် ဒေသခံတောင်သူတို့ ပြန်လည်ရင်းနှီးစိုက်ပျိုးရန် အခက်အခဲရှိနေပြီး အများစုမှာ လုပ်ငန်းရပ်နားထားကြောင်း တောင်သူတို့မှ သိရသည်။
ပေါင်မြို့နယ်ရှိ တိုက်ဆည်ရေထိန်းတံခါးတွင် သဲနှင့်နုန်းများပိတ်ဆို့နေပြီး ရေးစီးရေလာမရှိသဖြင့် ဇင်းကျိုက်၊ ပန်းကုန်၊ ကျုံဟော်၊ သဲကုန် အပါအဝင် ရွာ ၁၅ ရွာထက်မနည်းတွင် စိုက်ပျိုးထားသည့် လယ်မြေဧက ၃ သောင်းကျော် ရေလွှမ်းမိုးပျက်စီးခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီတာဝန်ရှိသူတို့မှ ရေထွက်ပေါက် ၄၀ ပေါက်ကို အပြည့်အဝဖွင့်လှစ်ခဲ့ပြီး လယ်ကွင်းရှိ ရေများ ပြန်လည်လျော့ကျသွားခဲ့သည်ဟု ဒေသခံတောင်သူတို့က ပြောဆိုသည်။
သို့သော် နုန်းအနည်းအနှစ်များ ကျန်ရှိနေသည့်အတွက် တောင်သူများမှာ ကြဲခင်းစနစ်ဖြင့် ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးခဲ့သော်လည်း အပင်အောင်မြင်ခြင်းမရှိသဖြင့် မိုးစပါးစိုက်ပျိုးမှု ရပ်နားထားရသည်ဟု စပါးရေနစ်ဆုံးရှုံးခဲ့ရသူ ဒေသခံတောင်သူတစ်ဦးက ပြောဆိုသည်။
“အခုက နှစ်ကြိမ်ကျဲပြီးပြီ၊ ပထမတကြိမ်က ရေဖုံးလွှမ်းသွားတော့ ပျက်စီးသွားတယ်။ ပြီးတော့ ရေပြန်ကျတော့ ထပ်ကျဲတယ်၊ နုန်းတွေထဲနစ်ပြီး မပေါက်ဘူး။ မျိုးစေ့တွေ၊ ကုန်ကျစရိတ်တွေက သိန်းရာချီကုန်သွားတယ်။ အရှုံးပဲပေါ်တယ်” ဟု အဆိုပါတောင်သူက ပြောပါသည်။
ယခုနှစ် မိုးရာသီ၌ ပေါင်မြို့နယ်တွင် ကောက်စိုက်စရိတ်အဖြစ် နေ့စားခအနည်းဆုံး ကျပ် ၁၅,၀၀၀ ပေါက်ဈေးရှိနေပြီး မိုးစပါးတစ်ဧက အထွေထွေကုန်ကျစရိတ်သည် ၁၀ သိန်းနီးပါးရှိနေသည်။
မိုးစပါး ပြန်လည်စိုက်ပျိုးသည့် တောင်သူတို့ အပင်အောင်မြင်ခြင်းမရှိသည့်အပြင် အထွက်နှုန်းနည်းပြီး အကျိုးအမြတ်ရရှိရန် မသေချာသည့်အတွက် တောင်သူများမှာ နွေစပါးကာလကိုသာ စောင့်မျှော်လုပ်ကိုင်မည်ဟု ပေါင်မြို့မှ တောင်သူတစ်ဦးက ပြောဆိုသည်။
“အခုက ဒီလယ်ကွင်းတွေမှာ ပြန်စိုက်မယ်ဆိုလည်း ဂဏန်းတွေ ခရုတွေက စားလိုက်မှာပဲ၊ ဒီလယ်ကွင်းတွေမှာ ဂဏန်းတွေ ခရုတွေ များနေတယ်။ အဲကြောင့် မိုးစပါးကို မစိုက်တော့ဘူး။ နွေစပါးကိုစိုက်ဖို့ပဲ စောင့်နေတယ်” ဟု ဆိုသည်။
ပေါင်မြို့နယ်ရှိ ရင်းငြိမ်ရေထိန်းတံခါး ရေစီးရေလာပြသနာကို တောင်သူတို့ နှစ်စဉ်နီးပါး ကြုံရလေ့ရှိသော်လည်း သက်ဆိုင်ရာဌာနများက တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိပေ။
ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၁ သိန်း ၃ သောင်းခန့်ပြီး မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်း အများဆုံးဖြစ်သော်လည်း စပါးဈေးကျဆင်းမှု၊ သဘာဝဘေးဒဏ်ကြောင့် အထွက်နည်းခြင်းနှင့်အတူ သွင်းအားစုဈေးနှုန်း မြင့်တက်နေခြင်းတို့ကြောင့် တောင်သူတို့ နှစ်စဉ်ဆုံးရှုံးမှုများ ကြုံနေရသည်ဟု သိရသည်။
IMNA ပေးပို့သည်။