27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖားကန့်တွင် စစ်ကောင်စီနှင့် KIA နှစ်ဖက်တပ်ကြား စစ်ရေးပိုတင်းမာလာနေ

ဖားကန့်တွင် စစ်ကောင်စီနှင့် KIA နှစ်ဖက်တပ်ကြား စစ်ရေးပိုတင်းမာလာနေ

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲရှိ ကျောက်တူးဖော်ရေးမှော်ကုမ္မဏီဝင်းနေရာတို့ကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်း၏ စစ်ကြောင်းမှူး တိုက်ပွဲအတွင်းကျသွားပြီဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် နှစ်ဖက်တပ်ကြား စစ်ရေးပိုတင်းမာလာနေကြောင်း KIA နှင့်နီးစပ်သည့် ရှေ့တန်းသတင်းရင်းမြစ်တို့က ပြောသည်။

မှော်ဆီစာဘုရားကျောင်းကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ဇွန်လ ၁၇ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စကစစစ်ကြောင်းမှူးဖြိုးဇော်ထက်အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ကျသွားသည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ဇွန်လ ၁၈ ရက်နေ့တွင်လည်း ဖားကန့်၊ မှော်ဆီစာနှင့် ကုဋေမှော်ဘက်ခြမ်းတွင် နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှု အရှိန်ပိုမြင့်တက်လာနေသည်ဟု KIA နှင့်နီးစပ်သည့် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါသည်။

“အဲဒီစစ်ကြောင်းက စဝင်လာတဲ့နေ့ကတည်းကနေ မှော်လှည့်ငွေတောင်း၊ မီးရှို့၊ မထင်ရင်မထင်သလို အရပ်သားတွေကို လူသားဒိုင်း ဖမ်းဆီးနေတဲ့စစ်ကြောင်း ဟုတ်တယ်။ အဲဒါ မနေ့က KIA ပူးပေါင်းတပ်တွေက အဲဒီဘုရားကုန်းအထိ တက်ပစ်ကြတော့ စစ်ကြောင်းမှုးနဲ့ အယောက် ၂၀ လောက်ကျတယ်လို့ သတင်းရထားပါတယ်။ သူတို့ဘက်ကလည်း စစ်ကြောင်းမှူးကျသွားတော့ ပြန်စော်မယ့်အခြေနေရှိနေတယ်” ဟု ၎င်းက ပြောဆိုသည်။

မှော်ဆီဇာဘုရားကျောင်းကုန်းတွင် ခြေကုပ်ယူတပ်စွဲပြီးနောက် တပ်ဖြန့်လှုပ်ရှားနေသည့် အဆိုပါစစ်ကြောင်းတွင် အင်အား ၃၀၀ ခန့်ရှိသည်ဟုသိရပြီး ဇွန်လ ၁၇ ရက်နေ့ ပစ်ခတ်မှုအတွင်း စစ်ကြောင်းမှူးကျသွားသည်ဟု ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

နောက်ဆုံးသိရှိရသည့် အချက်လက်များအရ ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အထိ မှော်ဆီဇာဘက်ခြမ်း၌ စစ်ကောင်စီပူးပေါင်းတပ်က အင်အားဖြည့်တင်းနေပြီး ကုဋေမှော်ဘက်တွင်လည်း KIA ပူးပေါင်းတပ်တို့က အင်အားဖြည့်တင်းထားပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့်အခြေအနေရှိနေသည်ဟု သိရသည်။

“အခုက ဘယ်ချိန်တိုက်ပွဲဖြစ်မလဲ၊ အဲဒီစိတ်ကြီးနဲ့ပဲ ရှင်သန်နေကြတာ။ ဖားကန့်ကပြည်သူတွေက ခုလည်း ဘယ်ချိန်ထဖြစ်မလဲပဲ စောင့်ကြည့်နေကြတဲ့ အခြေအနေရှိနေတယ်။ ကုဋေမှော်နဲ့ မှော်ဆ္ဇာက ပြည်သူတွေကတော့ ပြေးကုန်ကြပြီ” ဟု ဖားကန့်မြို့ခံ နောက်အမျိုးသားတစ်ဦး ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နောက်ပိုင်း ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများ စစ်ရေးလှုပ်ရှားသွားလာနေသော နှစ်ပတ်ကျော်အတွင်း ထိတွေ့တိုက်ပွဲတွေ အနည်းအကျဉ်းသာရှိသော်လည်း ယခုရက်ပိုင်း၌ နှစ်ဖက်တပ်ပစ်ခတ်မှု ခပ်စိပ်စိပ်ဖြစ်လာပြီး နှစ်ဖက်စစ်ရေး တင်းမာနေသည်။

လုံးခင်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စကစစစ်ကြောင်းတချို့ ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းသေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်ကို ဇွန်လ ၁၅ ရက်နေ့ စစ်ကြောင်းထွက်ခွာသွားပြီး မှော်ဝမ်းသေးကျေးရွာထဲတွင် တပ်စွဲနေထိုင်ထားကြောင်း သိရသည်။

KNG ပေးပို့သည်။