အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းအမျိုးသမီးရဲဘော် ၁၅ ရာခိုင်နှုန်း ပါဝင်တက်ရောက်ခဲ့သည်ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။
ACDF အပတ်စဉ် ၆ စစ်သင်တန်းတွင် အရှိုချင်းရဲဘော် ၈၀ ဝန်းကျင်တက်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် အရှိုချင်းကာကွယ်ရေးတပ် နောက်တန်းလေ့ကျင့်ရေးကွင်း၌ အပတ်စဉ် ၆ သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ACDF က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။
“ဒီသင်တန်းမှာက မြန်မာနိုင်ငံအနှံ့အပြားကလူငယ်တွေ တက်ရောက်ပါတယ်။ အမျိုးသမီးကတော့ ၁၅ ရာခိုင် နှုန်းတော့ ရှိမယ်။ အရှိုချင်းတိုင်းရင်းသားတွေပါပဲ ။ ကျနော်တို့ဆီကို ချိတ်ဆက်ပြီး ACDF ကို ဝင်လာကြတာပါ။ ကျနော်တို့ အရှိချင်းကာကွယ်ရေးတပ် (ACDF) က ကျနော်တို့သွားမဲ့လမ်းကို ဖြည်းဖြည်းမှန်မှန်နဲ့ သွားနေပါတယ်လို ပြည်သူတွေကို ပြောချင်ပါတယ်” ဟု ဆလိုင်းခနီလေဗွေက ပြောသည်။
အရှိုချင်းကာကွယ်ရေးတပ်သည် မကွေးတိုင်းဒေသ ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းဒေသများနှင့် ပဲခူးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို အရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ACDF တပ်မှူးများနှင့် ဖိတ်ကြားထားသော မဟာမိတ်ကိုယ်စားလှယ်များ အသီးသီးတက်ရောက်ချီးမြှင့်သည်ဟု သိရသည်။
KMG ပေးပို့သည်။