ရှမ်းပြည်-ကရင်နီပြည် (ကယားပြည်) နယ်စပ်ရှိ ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ PNO (ပအိုဝ်းအမျိုးသားတပ်) ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်ဟု ဒေသခံတို့က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် PNO တပ်တို့ စစ်ကြောင်းထိုးမှုအပြင် တိုက်ပွဲများကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ရှိ ကျေးရွာ ၁၅ ရွာခန့်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသလို ထွက်မပြေးသေးဘဲ အခြေအနေစောင့်ကြည့်နေသည့် ကျေးရွာတို့တွင်လည်း စာသင်ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။
ဒေသခံကျောင်းသားမိဘတစ်ဦးက “ကျောင်းဖွင့်တယ်ဆိုပြီး ကျမသားက ကျောင်းကိုသွားတယ်။ စာအုပ်တွေ မစုံဘူးဆိုပြီးတော့ ခဏလေးပဲတက်ပြီး ပြန်လာရတယ်။ နောက်တရက် စာအုပ်တွေရောက်တဲ့အချိန်ကြတော့ လက်နက်ကြီးကျတယ်။ ဆရာမတွေက တပတ်လောက် ပြန်စောင့်ကြည့်မယ်ပေါ့၊ အဲဒီတပတ်ကနေ ထွက်ပြေးလိုက်ရတာပဲပေါနော်” ဟု ပြောသည်။
ထွက်မပြေးကြသေးသည့် ကျေးရွာတချို့ဆီလည် စစ်ကောင်စီက လက်နက်ကြီးများနှင့် ပစ်ခတ်မှုရှိနေတာကြောင့် ကလေးများလုံခြုံရေးအတွက် စာသင်ကျောင်းများကို ဖွင့်လှစ်ခြင်းမရှိဟု ဖယ်ခုံအရှေ့ဘက်ကမ်းတွင် စာသင်ကြားပေးနေသည့် ကျောင်းဆရာမတစ်ဦးက ယခုလို ပြောဆိုသည်။
“အခုဖွင့်မယ်ဆိုလည်း လက်နက်ကြီးတွေထုတယ်။ ပြီးတော့ ရှောင်နေတဲ့လူတွေကိုကြည့်ပြီးတော့ ကျောင်းတွေ မဖွင့်ရဲဘူး။ ပညာရေးပိုင်းတွေဆို မိဘတွေကအမျိုးမျိုးတွေးကြတယ်။ တကယ်လို့ ကလေးကို တခြားရွာတွေမှာ သွားထားမယ်ဆိုရင်လည်း စစ်ကြောင်းထိုးလာမယ်၊ ဘာညာဆိုရင် ရှောင်ရမယ်ဆိုရင် သူတို့အတွက် အခက်အခဲတွေ အများကြီးဖြစ်ကြတယ်ပေါ့နော်” ဟု အဆိုပါကျောင်းဆရာမက ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း ကျောင်းမနေကြရသည့် ကလေးများရှိသလို ယခုနှစ်ကျောင်းဖွင့်ရာသီတွင်လည်း ကျောင်းထပ်မံပိတ်လိုက်ရတာကြောင့် ကျောင်းသားမိဘများက ၎င်းတို့၏ကလေး ပညာရေးအတွက် စိုးရိမ်ပူပန်နေကြကြောင်း ပြောဆိုကြသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့တာကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်း နန်းပေါ်လုံကျေးရွာရှိ အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အရှေ့ဘက်ရှိ ကျေးရွာများတွင် စုစုပေါင်း စာသင်ကျောင်းပေါင်း (၂၇) ကျောင်း ဝန်းကျင်ရှိပြီး ကျောင်းတချို့ ဖွင့်လှစ်ထားခြင်း ရှိ/မရှိဆိုသည်ကို သေချာမသိရကြောင်း ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။