27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းပုလဲမြို့နယ်က ဂျက်ဖိုက်တာလေယာဉ် ပစ်ခတ်ပေါက်ကွဲမှုအတွင်း အရပ်သား ၄ ဦးသေဆုံး

ပုလဲမြို့နယ်က ဂျက်ဖိုက်တာလေယာဉ် ပစ်ခတ်ပေါက်ကွဲမှုအတွင်း အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက တိုက်ပွဲတခုအတွင်း စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာပစ်ချခံရပြီးနောက် ပေါက်ပွဲမှုဖြစ်စဉ်တွင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပူးပေါင်းအဖွဲ့က ဇွန်လ ၁၀ ရက်နေ့က ပစ်ချလိုက်သည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် ကျေးရွာအတွင်းရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရမှာ ယခုကဲ့သို့ သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “အရပ်သား ၄ ဦး သေဆုံးတယ်လို့ ကနဦးတော့ သိရပါတယ်။ သေချာတော့ မစိစစ်ရသေးပါဘူးဗျ။ ပညာရှင်တွေပြောတာကို သိရတဲ့အခြေအနေအရဆိုရင် ဂျက်ဖိုက်တာမှာတော့ မောင်းသူတစ်ယောက်ပဲ ပါတယ်ပေါ့နော်။ မောင်းသူတစ်ယောက်ကပဲ လေကြောင်း တိုက် ခိုက်မှုတွေလုပ်တယ် ဒီလိုပဲသိရတယ်။ အဲ့လိုဆို​တော့ ဒီဖိုက်တာပေါ်မှာ တစ်ယောက်ပဲပါတယ်လို့ပဲ ယူဆရမှာပေါ့နော်။ သူ့ကိုလည်း အပိုင်းအစတွေတော့ တွေ့ပါတယ်။ ဆိုတော့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ မောင်းသူလည်း သေဆုံးသွားတယ်လို့ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။

ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်တွင်တက်လာသည့် သတင်းရုပ်ပုံများနှင့် ရုပ်သံဗွီဒီယိုဖိုင်အရ ဂျက်ဖိုက်တာမှာ အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်နေခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အတွင်း အရပ်သား ၄ ဦးနှင့်အတူ ဂျက်ဖိုက်တာမောင်းနှင်သူ သေဆုံးခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။

ယခုပစ်ချလိုက်သည့် ဂျက်ဖိုက်တာမှာ တံတားဦးလေတပ်က တက်လာပြီး ပုလဲမြို့နယ်ထဲကို လှည့်ပတ်ပစ်ခတ်နေခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဒေသတွင်း တိုက်ပွဲအခြေအနေတွေကတော့ အရှိန်မြင့်တုန်းပဲ၊ ရှိတုန်းပဲ။ စကခ စစ်ကြောင်းကလည်း ရှိနေတာဆိုတော့။ ဒီထိုးစစ်အခြေအနေကလည်း မရပ်သေးဘူး။ ဒီအတိုင်းပဲ ဆက်ရှိနေတုန်း။ လေကြောင်းတိုက်ခိုက်မှုကလည်း စကခလေယာဉ် ပစ်ခတ်ခံရလို့ ပျက်ကျပြီးနောက် တောက်လျှောက်ပဲ Y12 ရော၊ ဂျက်ဖိုက်တာရော ၅ ကြိမ်လောက်လာပြီးတော့ ပစ်ခတ်တာတွေတော့ ရှိပါတယ်ဗျ။ ဒီနေ့လည်း မိုးတွေက အရမ်းရွာနေတယ်။ ဒီနေ့တော့ ထပ်လာတော့ မရှိသေးဘူး” ဟု ပြောသည်။

ကန့်ဒေါင်ကျေးရွာ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို PLA က ဦးဆောင်နေခြင်းဖြစ်ပြီး ပုလဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ကန့်ဒေါင့်ကျေးရွာက နယ်မြေရဲစခန်းကို PLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လဆန်းကစတင်၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း နေ့စဉ် လေယောဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

NMG ပေးပို့သည်။