ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသခံ ၆ ထောင်ကျော်ကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က မောင်းထုတ်နေသည်ဟု ဒေသခံများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ စုမှ ဒေသခံများအား ဘုရားဖြူကျေးရွာ၊ မွေတော်ဘုရားဝင်းအတွင်းသို့ လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ကြရန် PNA က ညွှန်ကြားထားခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက “ဒါက ပြည်သူလူထုရဲ့ရပ်ရွာ ဥစ္စာစည်းစိမ်ကို ဖျက်ဆီးချင်တဲ့အတွက် ဒီလိုမျိုး လုပ်တယ်လို့ပဲ မြင်ပါတယ်။ PNO ဆိုတာက ပြည်သူလူထုကျွေးတဲ့ထမင်းကို စားပြီးတော့မှ ပေါ်ပေါက်လာတဲ့အဖွဲ့ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လက်ရှိချိန်မှာ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ပြည်သူ့စစ်အဖြစ် ခံယူထားတဲ့အဖွဲ့ ဖြစ်တယ်ပေါ့နော်။ အခုတော့ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ပြည်သူလူထုကို ပြန်လည်ပြီးတော့မှ မောင်းထုတ်နေတဲ့အဖွဲ့ဖြစ်ပြီလို့ ဒေသခံတွေ ပြောတဲ့အတိုင်း ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ ထုတ်ပြန်ထားသည့်စာရင်းအရ ကျေးရွာအုပ်စု ၂ စုမှ တပူးထို၊ ကောင်ထို၊ လွယ်ငန်း၊ နောင်ဗို၊ ပင်စက်၊ တောင်ရှေ့၊ နောင်ထော်၊ ကလားလမ်း စသည့် ကျေးရွာများအပြင် ရွာပေါင်း ၁၂ ရွာ ပါဝင်သည်ဟု ဆိုသည်။
ထို့အပြင် ဒေသခံများအား တောင်ယာ၊ စစ်ဘေးရှောင်စခန်း၊ အခြားရွာများအား သွားခွင့်မပြုသဖြင့် မွေတော်ဘုရားဝင်းအတွင်း၌ရှိသည့် လူဦးရေနှင့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများ မလုံလောက်မည်ကို တွေးပူနေကြရသည်ဟု ဒေသခံများက ပြောသည်။
“ဒါက အဲဒီကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ဖမ်းပြီးတော့မှ ထောင်ထဲထည့်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ PNO အနေနဲ့ ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းက အစ တည်ထောင်စကတည်းက လူထုရဲ့ထမင်းနဲ့ ကြီးထွားလာတဲ့အဖွဲ့တွေ ဖြစ်တယ်ပေါ့နော်။ ခုကြတော့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်းနဲ့ ကိုယ့်ပအိုဝ်းလူထုကို ပြန်မောင်းထုတ်နေရတာ လုပ်ရက်ကြသလား ကိုယ့်ကိုပြန်မေးဖို့ လိုပါတယ်” ဟု ခွန်ရိန်းယံက ဆက်ပြောသည်။
အဆိုပါကျေးရွာများမှာ ယခင်က မကြာခဏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ကြုံခဲ့ရသော်လည်း ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီနှင့် PNA က ပြန်လည်ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းတွင် စစ်မှုထမ်းခေါ်ယူခြင်းနှင့် စစ်အသုံးစရိတ်များ ကောက်ခံခြင်းများလည်း ပြုလုပ်လေ့ရှိသည်။
ဆီဆိုင်မြို့နှင့် နီးစပ်သည့် ပင်လောင်းမြို့တွင်လည်း လိုင်စင်မဲ့မော်တော်ယာဉ်များအား စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့တို့ကဖမ်းဆီး၍ တစ်စီးလျှင် ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းနေသည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
NMG ပေးပို့သည်။