ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ်၊ ငဖဲမြို့နယ်အပိုင် အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းကို ဇွန်လ ၄ ရက်နေ့တွင် အာရက္ခတပ်တော် AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။
မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “နေရာကို ပြောရမယ်ဆိုရင် မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်၊ အမ်းမြို့နယ်ကြားက ရိုးမလမ်းဖြစ်တဲ့ ဒီ အမ်း – ပဒါန်းလမ်းပေါ်က စခန်းပေါ့ဗျာ။ စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းနားက ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AA က သိမ်းလိုက်တာပါ” ဟု ပြောသည်။
အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းကို သိမ်းယူပြီးနောက်တွင် အနီးရှိ နတ်ရေကန်ဗျူဟာကုန်းနားတဝိုက်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်မှာ ဇွန်လ ၅ ရက်နေ့ အထိဖြစ်သည်ဟု ၎င်းကဆိုသည်။
နတ်ရေကန်ဗျူဟာကုန်း အနီးတဝိုက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ပစ်ကူပေးမှုအပြင် အနီးအနားရှိ ဘုံဘောခမောက်တောင်စခန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။
အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ အမ်း- ပဒါန်းလမ်းပိုင်းကို ပိတ်ဆို့ ဖြတ်တောက်ထားပြီး နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက် သတင်းဌာနများ ဖော်ပြချက်အရ သိရသည်။
အမ်း – ပဒါန်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ မထုံးကာကင်းစခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်ရေကန် ဗျူဟာစခန်းကို ဖေဖော်ဝါရီလမှစတင်၍ ယနေ့အချိန်ထိ ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များကို ထိုးစစ်ဆင်သိမ်းပိုက်မည်စိုး၍ ခံစစ်ပြင်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကမြင်းကန်ဗျူဟာစခန်းနှင့် ပိန်းရေစမ်းကျေးရွာရှိ စစ်ကောင်စီစခန်းတို့ကို အာရက္ခတပ်တော် (AA) က ဇန္နဝါရီလ ၂၁ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။
လက်ရှိတွင် AA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့သည် ရခိုင်-မကွေး အစပ်နေရာများသာမကဘဲ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နှင့် ဧရာဝတီတိုင်းအတွင်းက ရေကြည်နှင့် လေးမျက်နှာမြို့တို့တွင်လည်း နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာလျှက်ရှိသည်။
NMG ပေးပို့သည်။