တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်နှင့် လက်ခတ်တောင်ခြေအနီးတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့ခံများက ပြောဆိုသည်။
မေ ၃၀ ရက်နေ့ နံနက် ၇ နာရီကျော်ကစပြီး လောင်းလုံးမြို့ပေါ် ရဲစခန်း၊ ထွေအုပ်၊ အထက ၁ ကျောင်းဝန်းကျင်နှင့် လက်ခတ်တောင်ခြေအနီး၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သိရသည်။
တိုက်ပွဲကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက်က ဒေသခံများအပြင် မြို့အနီး စပ်ပြဲ၊ သဗျာ၊ ညှင်းမော်ရွာအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၂၀၀၀ ကျော် စစ်ရှောင်နေရခြင်း ဖြစ်သည်။
နှစ်ဖက်တပ်ကြား တိုက်ပွဲအတွင်း လူနေရပ်ကွက်များထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းရှိပြီး ဒေသခံများနှင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ် မသိရသေးပေ။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ရာ အခြေအနေအသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။