အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဝင် ၁၀ ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရအနေဖြင့် စုံစမ်းစစ်ဆေး အပစ်ပေးအရေးယူရန် NUG က မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့ရာတွင် တုံ့ပြန်လာခြင်းမရှိသေးကြောင်း သိရသည်။
ထိုသို့ NUG က ထုတ်ပြန်တောင်းဆိုထားပြီး တစ်ပတ်ကျော်ကြာမြင့်သည်အထိ အိန္ဒိယနိုင်ငံဘက်က ထုတ်ပြန်ချက်များအပေါ် တစုံတရာတုံ့ပြန်လာခြင်း မရှိသေးကြောင်း တမူးပကဖနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
သတ်ဖြတ်ခံရသည့် မိသားစုများအပါအဝင် ဒေသခံများကလည်း မေလ ၂၆ ရက်နေ့တွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သေးသည်။
တမူးဒေခံတစ်ဦးက “ဖြစ်တဲ့နေရာက မြန်မာဘက်ခြမ်းမှာ ဘယ်လိုကြောင့် သူတို့တွေဘက်ကိုကျွံဝင်တယ်လို့ စွပ်စွဲသလဲ မပြောတတ်ဘူး။ အာသံရိုင်ဖယ်တပ်တွေက အရင်ကလည်း ဒီဘက်ကလူတွေနဲ့ ပြဿနာတွေ ရှိခဲ့ဖူးတယ်။ ကြာလှပါပြီ ဒီအရေးတွေ မဖြစ်ခင်ကတည်းက” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တမူး ပကဖတပ်ဖွဲ့ဝင် ၁၀ ဦးသည် အိန္ဒိယ – မြန်မာနယ်စပ်ဝန်းကျင်၌ ယာယီစခန်း ပြောင်းရွေ့နေစဉ် အိန္ဒိယအာသံရိုင်ဖယ်တပ်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဖမ်ဆီးသွားပြီး ၃ ရက်အကြာတွင် အာသံရိုင်ဖယ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲကြား ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး ဖမ်းဆီးသွားသူ ၁၀ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယတပ်ဘက်က ပကဖ တပ်ဖွဲ့ဝင် ၁၀ ဦးသည် အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ပြီး စတင်ပစ်ခတ်တာကြောင့် နှိမ်နှင်းခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြ ပြောဆိုထားသည်။
အိန္ဒိယစစ်တပ်၏ ကနဦးသတင်းထုတ်ပြန်ချက်တွင်လည်း အာသံဒေသ၌ စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကေဒါ ၁၀ ဦးကို နှိမ်နှင်းခဲ့ပြီး လက်နက်အမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြပြောဆိုခဲ့သည်။
အာသံရိုင်ဖယ်တပ်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး NUG က အိန္ဒိယနိုင်ငံအစိုးရအနေနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ပေးရန်၊ နစ်နာသူများကို လျှော်ကြေးပေးအပ်ရန်၊ နောင်တွင် ထိုကိစ္စရပ်မျိုး ထပ်မဖြစ်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ကာရံမှုကို ရပ်တန့်ထားပေးရန်တို့ကို တောင်းဆိုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။