2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းဘောလခဲ၊ ရေနီပေါက် စစ်ကောင်စီ ကာကင်းစခန်းသိမ်းပိုက်မှုအတွင်း ပူးပေါင်းတပ်ဘက်မှ ၄ ဦးကျဆုံး

ဘောလခဲ၊ ရေနီပေါက် စစ်ကောင်စီ ကာကင်းစခန်းသိမ်းပိုက်မှုအတွင်း ပူးပေါင်းတပ်ဘက်မှ ၄ ဦးကျဆုံး

ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်၏ ကာကင်းစခန်းတခုကို တော်လှန်ရေးတပ်တို့က သိမ်းပိုက်လိုက်နိုင်သည့် စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ၄ ဦး ကျဆုံးခဲ့ရပြီး၊ စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးခဲ့ကြောင်း ကရင်နီပြည်တပ်မတော် KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

အဆိုပါ ကာကင်းစခန်းကို မေလ ၂၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ဆိုသည်။

“အားလုံးပေါင်း ၄ ဦး ကျတယ်။ ရန်သူဘက်ကတော့ ၂၀ ကျော်သေတယ်။ ဒဏ်ရာရများတယ်။ အတိအကျတော့ မသိရဘူး။ လက်နက်မျိုးစုံ ၈ လက်နဲ့ ကျည်မျိုးစုံသိမ်းဆည်းရမိတယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA မှ တစ်ဦး၊ ဖားဆောင်းပြည်သူ့ ကာကွယ်ရေးတပ်မှ နှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် DMO Local PDF က တစ်ဦး ကျဆုံးသွားကြောင်း ၎င်းတို့၏ဈာပနကို မေလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘောလခဲ၊ ရေနီပေါက် ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာပေါ့။ လက်နက်ငယ်နဲ့ကျတာ။ နှစ်ယောက်လုံးက ဘန်ကာကိုဝင်လုံးရင်းနဲ့ အနီးကပ်မှာပစ်ခံရတာ” ဟု ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းမှုးတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနှင့် ၇ ကြိမ် လာရောက်ပစ်ကူတိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။

လတ်တလောတွင် မိုးဗြဲမြို့နှင့် ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။