ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်က စစ်ဘေးရှောင်များသည် အလုပ်အကိုင်ရှားပါးခြင်း၊ စားဝတ်နေရေးကျပ်တည်းမှု စသည့် အထွေထွေအခက်အခဲများကြောင့် ရခိုင်မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် စသည့် နေရာတို့ကို နေရပ်ပြောင်းရွှေ့လာသူများ ရှိနေကြောင်း သိရသည်။
လက်ရှိ၌ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များသည် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မခံနိုင်သည့်အတွက် နီးစပ်ရာဆွေမျိုးများရှိသည့် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်များကို ပြောင်းရွှေ့မှုများ ရှိနေခြင်းဖြစ်ပြီး လူဦးရေ ရာနှင့်ချီရှိသည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “စားဝတ်နေရေးကျပ်တည်းလို့ ဒီကို အသစ်ပြောင်းလာတဲ့ သံတွဲကလူတွေရှိတယ်။ ဒီစခန်းမှာ ဆင်ခေါင်းကစစ်ဘေးရှောင်တွေများတယ်။ အသစ် ရောက်လာတဲ့သူတွေဆို သူတို့မှာစားစရာသုံးစရာ ဘာမှမပါလာတော့ အိမ်တွေဝိုင်းလုပ်ပေး၊ ဆန်တွေ ကောက်ပေးကြ ဒီလိုပဲ ဝိုင်းကူပေးကြရတယ်” ဟု ပြောသည်။
သံတွဲမြို့နယ်ကို ၂၀၂၄ စက်တင်ဘာလတွင် အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီ၏ရေယာဉ် (Navy) များ ပင်လယ်ပြင်ထဲတွင် ရှိနေသေး၍ သံတွဲဒေသခံများ အဓိကလုပ်ကိုင်သည့် ငါးဖမ်းလုပ်ငန်းများ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း သိရသည်။
ယင်းအပြင် အခြားအလုပ်အကိုင်များလည်း ရှားပါးသဖြင့် စားဝတ်နေရေး တနေ့ထက်တနေ့ ပိုဆိုးလာကြောင်း သံတွဲဒေသခံတို့က ပြောဆိုကြသည်။
ထို့အတူ စစ်ဘေးရှောင်အရေးကူညီပေးနေသည် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများသည်လည်း အလှူရှင် နည်းပါးသောကြောင့် ထင်သလောက်အထောက်ပံ့မရရှိကြဘဲ စစ်ဘေးရှောင်များ ဆန်ရိက္ခာပြတ်လပ်မှုတို့ မကြာခဏ ကြုံနေရကြောင်း သိရသည်။
“သံတွဲဘက်မှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူး။ ထမင်း နှစ်ထပ်ငတ်ခဲ့တယ်။ အဲဒီတော့ ဒီဘက်ကို ပြောင်းလာကြတာ။ လောလောဆယ်တော့ ဈေးဆိုင်ရောင်းပြီး ဝင်ငွေရှာတယ်။ အဆင်တော့မပြေဘူး။ ဒါပေမဲ့ သံတွဲဘက်မှာလောက် မဆိုးဘူး” ဟု ကျောက်တော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ခိုလှုံနေသည့် ငပလီမြိုခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ၌ ဒေသခံတချို့သည် သံတွဲမြို့ထဲသို့ ဝင်နေထိုင်ကြပြီဖြစ်သော်လည်း ငပလီမြို့ခံအများစုမှာ နေရပ်မပြန်နိုင်သေးကြပေ။
သံတွဲ့မြို့နယ်က စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အထိ နေရပ်ပြန်ရန် ခက်ခဲလျက်ရှိကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။