ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၅) ရှိ ကတိုင်တိစစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲကြောင့် တပ်မဟာ (၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းသို့ စစ်ရှောင်နေရသူ စစ်ဘေးရှောင် ၁၀၀၀ ကျော်သည် နေအိမ်မပြန်နိုင်ကြသေးဘဲ စားသောက်ရပ်တည်ရေး ခက်ခဲနေကြကြောင်း စစ်ရှောင်များထံမှ သိရသည်။
ကတိုင်တိအခြေစိုက် စစ်ကောင်စီတပ်စခန်းအား ပြီးခဲ့သည့် ၂၀၂၄၊ ဒီဇင်ဘာလကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပစ်ခတ်မှုများကြောင့် စခန်းအနီးရှိရွာများမှ ဒေသခံများ စစ်ရှောင်နေရသည်မှာ ၂ လနီးပါး ရှိလာပြီဖြစ်သည်။
တိုက်ပွဲအတွင်း ကတိုင်တိ၊ ဘောကြို့လယ်၊ ဇီးကုန်း၊ ကုလားကုန်း၊ မယ်ဘောခီး အစရှိသည့် ကတိုင်တိစခန်းအနီးရှိ ရွာများမှ လူဦးရေ ၁၀၀၀ ကျော်သည် ဘီးလင်းမြို့နယ်အတွင်း၌ စစ်ဘေးရှောင်နေရပြီး လုပ်ကိုင်စားသောက်စရာမရှိသည့်အတွက် ရေရှည် စားသောက်ရပ်တည်ရေး ခက်ခဲနေကြသည်ဟု ကတိုင်တိစစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
“စစတုန်းက စစ်တပ်ကရွာထဲကို လက်နက်ကြီးပစ်တော့ ကလေးတွေထိမှာကြောက်လို့ သူတို့ကိုအရင်ပြောင်းပေးတယ်။ ကျနော်တို့လူကြီးတွေကတော့ နှမ်းတို့စပါးတို့ လုပ်လက်စရှိတာ ဆက်လုပ်ပြီးနေတယ်။ ဘယ်လိုမှ နေလို့မရတော့တဲ့အဆုံး ၁၂ လပိုင်းကတည်းက အကုန်ပြေးရတော့တာ အခုထိပဲ။ တာဝန်ရှိသူတွေက ကြည့်ပေးတယ်ဆိုပေမယ့် သားသမီးများတယ်လေ။ ဒီမှာလည်းလုပ်ကိုင် စားမတတ်ဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
အဆိုပါ စစ်ရှောင် ၁,၀၀၀ ကျော်တွင် အမျိုးသမီးနှင့်ကလေးငယ်ဦးရေ ပိုများပြီး လက်ရှိ၌ ဘီးလင်းမြို့နယ်ထဲ ဘေးလွတ်ကင်းနိုင်သော နေရာများတွင် ပြန့်ကြဲနေထိုင်ကြသည်ဟု သိရသည်။
စစ်ရှောင်များအနေဖြင့် တိုက်ပွဲနှင့်ဝေးရာသို့ ပြောင်းရွှေ့တိမ်းရှောင်ကြသော်လည်း စစ်ကောင်စီ၏ လေကြောင်းရန် ကရှိနေသေးပြီး KNU ဘက်က တာဝန်ရှိသူတို့က စားသောက်စရာထောက်ပံ့မှုပေးသလောက် မိသားစုများ၍ မလောက်မငှ ဖြစ်ရသည်ဟု ၎င်းတို့ကြုံတွေ့နေရသည့်အခြေအနေကို ပြောဆိုကြသည်။
ကတိုင်တိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ကတော့ စခန်းသိမ်းမယ်ဆိုပြီး သတင်းကြားကတည်းက ၁၂ လပိုင်း ၁၃ ရက်ကတည်းကပေါ့ ပြေးရတာ။ စစပြေးတုန်းက သယ်လာတဲ့စားစရာ ပါလာပါတယ်။ ရေရှည်ကျတော့ အခက်အခဲရှိလာတယ်။ ဒီကြားထဲလည်း KWO လို ဖွဲ့အစည်းတွေက လာပေးတာနဲ့ပဲ စားနေရတယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် တနေရာမှတနေရာ ရွှေ့ပြောင်းစစ်ရှောင်နေရပြီး နေရာထိုင်ခင်း အဆင်မပြေဖြစ်ရသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတို့အနေဖြင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့်နေရာများ စီမံပေးရန် မျှော်လင့်ကြောင်းလည်း စစ်ရှောင်သူတို့က ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက KNLA ပူးပေါင်းတပ်၏ ကတိုင်တိစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၎င်းတို့စခန်းနေရာမှ ဆုတ်ခွာခဲ့ရသော်လည်း ၎င်းနားရှိနေသည့် နယ်ခြားစောင့်တပ် – BGF ၁၀၁၃ တပ်ရင်း၏ စခန်းဟောင်းနေရာ၌ လူအင်အားစု ခုခံတိုက်ခိုက်နေသည်မှာ ယနေ့အထိပင်ဖြစ်သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က စခန်းပတ်ဝန်းကျင်သို့ လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခဲ့သလို လက်ရှိအချိန်ထိလည်း လေကြောင်းရော လက်နက်ကြီးပါသုံး၍ တိုက်ခိုက်မှုများဆက်လက်ရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
KIC ပေးပို့သည်။