29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းKNU က စစ်မှုထမ်းစေခိုင်းခံရသူများ လက်နက်ချအလင်းဝင်နိုင်ရေး အမြဲမပြတ်ကြိုဆိုကြောင်း

KNU က စစ်မှုထမ်းစေခိုင်းခံရသူများ လက်နက်ချအလင်းဝင်နိုင်ရေး အမြဲမပြတ်ကြိုဆိုကြောင်း

စစ်ကောင်စီ၏မတရားသဖြင့် အတင်းအဓမ္မစေခိုင်းမှုကြောင့် လက်နက်ကိုင်ဆွဲ၍ စစ်မှုထမ်းတာဝန် ထမ်းဆောင်နေရသူများ ကရင်အမျိုးသားအစည်းအရုံး – KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ရန် အမြဲမပြတ်ကြိုဆိုကြောင်း KNU က ထုတ်ပြန်ပြောဆိုသည်။

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ရင်း (၉) ထံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၄ မှ တပ်ဖွဲ့ဝင် ၄ ဦး လက်နက်နှင့်တကွ လာရောက်ခိုလှုံလာသည်နှင့်စပ်လျဥ်းပြီး KNU – ဗဟိုက ထုတ်ပြန်ပြောခြင်းဖြစ်သည်။

စစ်ကောင်စီက စစ်မှုထမ်းရန်ပေါ်တာဆွဲမှုဖြင့် တပ်တွင်းရောက်ရှိလာသည့် ရန်ကုန်နှင့် ပုသိမ်မြို့နယ်နေ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို KNU/KNLA ဘက်က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသလို တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်လက်၍ ခိုလှုံနိုင်ရေး အမြဲမပြတ် တံခါးဖွင့်ကြိုဆိုနေသည်ဟု KNU ကျောက်ကြီး မြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေနဲ့ မတရားခံတဲ့ စစ်သားစုဆောင်းမှုတွေစတဲ့ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီတပ်သား ဖြစ်နေသူတွေအနေနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ရင်ခွင်ဆီကို ခိုလှုံဖို့ အစဉ်အမြဲ တံခါးဖွင့်ထားပါတယ်။ ခိုလှုံလာသူတွေကို ကျနော်တို့ ကောင်းစွာ စောင့်ရှောက်ပြီး လုံခြုံစွာ နေထိုင်နိုင်ရေး စီစဉ်ထားပါတယ်။ သူတို့ ဆန္ဒအတိုင်း ဘဝလမ်းကို ဆက်လျှောက်နိုင်အောင်လည်း ကူညီပေးသွားမှာပါ” ဟု ပဒိုစောဝါးမူက ပြောသည်။

KNLA တပ်ရင်း (၉) ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခမရ-၅၈၄ ဒုတပ်ကြပ်နှင့် တပ်သား ၃ ဦး ဖြစ်ပြီး ၎င်းတို့နှင့်တကွ MA-4 တွဲပစ်လောင်ချာ ၁ လက်၊ MA 1 ၂ လက်၊ ကျည် ၇၅ တောင့်နှင့် ကျည်ဘောက် ၃ ခု တို့ ပါဝင်သည်ဟု ဆိုသည်။

ထို့ကြောင့် KNU တာဝန်ရှိသူများနှင့် KNLA တပ်ရင်း (၉) မှ တာဝန်ရှိသူများပူးပေါင်းပြီး ခိုလှုံလာသူတစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်းချီးမြင့်ခဲ့သည်ဟုလည်း “KNU -ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်အတွက် တရားဝင်တပ်သားစုဆောင်းနိုင်ရန် စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့သည်မှာ ယခုဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တစ်နှစ်တင်းတင်းပြည့်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခလရ-၂၈၈ မှ တပ်ဖွဲ့ဝင် ၂ ဦး KNLA တပ်ရင်း (၉) ထံ လက်နက်နှင့်တကွ ခိုလှုံခဲ့သေးသည်။

KIC ပေးပို့သည်။